လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် သားအမိ ၂ ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိ

KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့အနီး စစ်တပ်စခန်းကနေ မြို့ထဲကို လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး နောက်ထပ်အရပ်သား ၁ ဦးထိလည်း ဒဏ်ရာပြင်းထန်စွာရရှိထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းကနေ လိုင်ဇာမြို့တစ်လျှောက် တိုက်ပွဲပြင်းထန်နေတဲ့အပြင် စစ်တပ်ရဲ့ခယာဘွမ်(Hkaya Bum) ၊ ဘွမ်ရေဘွမ်( Bum ye bum) နဲ့ ဖွန်းပြန်ဘွမ်( Hpun pyen bum) စတဲ့ တပ်စခန်းက စစ်ကောင်စီတပ်‌တွေကနေ မြို့ထဲလက်နက်ကြီး ဆက်တိုက်ရမ်းသမ်းပစ်ခတ်နေတဲ့တွက် သားအမိ ၂ ဦးပွဲချင်းပြီးသေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကြီးက ဘယ်ဘက်ကနေ ရမ်းတမ်းပစ်ခတ်နေတယ်ဆိုတာတောင် မသိနိုင်တော့ဘူး အရမ်းများလို့။ ကြည့်ရင်တော့ ဖွန်ပြန်ဘွန်(Hpun pyen Bum) ကနေဖြစ်ပုံရတယ်။ မုန်လိုင်ခက်လမ်းမှာ သွားနေတဲ့ တစ်ယောက်၊ ဝိုင်ကြိုင်နဲ့ မုန်လိုင်ခက်ကြားက အိမ်တစ်အိမ်မှာ လာကျတာက ၂ ယောက်သေတယ်။ ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျမှန် ပေါက်ကွဲခဲ့တဲ့ နေအိမ်

လက်နက်ကြီးကျည်ထိမှန် သေဆုံးတဲ့သားအမိဟာ ဝေကျိုင်ရပ်ကွက်မှာ နေထိုင်တွေဖြစ်ပြီး ဒီနေ့မနက် ၁၀ နာရီဝန်းကျင် နေအိမ်မှာလက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့အတွက် ကျည်ထိမှန်သေဆုံးရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဝေကျိုင် နဲ့မုန်လိုင်ခက်ကြား  ဆိုင်ကယ်နဲ့သွားနေတဲ့ ပြည်သူတစ်ဦးလည်း လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရပါတယ်။

ထိခိုက်သေဆုံးခဲ့ရသူတွေရဲ့ နာမည် အသေးစိတ်အချက်အလက်တွေ မသိရှိရသေးဘူးလို့ သူကပြောပါတယ်။

KIO ဌာနချူပ် လိုင်ဇာမြို့အနီး စစ်တပ်စခန်းတွေနဲ့အတူ မြစ်ကြီးနားဗန်းမော်ကားလမ်းမ တစ်ကြောရှိ စစ်တပ်စခန်းတွေကို ဒီမနက်ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က  ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်ကလည်း လိုင်ဇာမြို့ထဲကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတာဖြစ်ကြောင်း ဒေသခံတွေပြောပါတယ်။

ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ ဘယ်လောက်ဖြစ်နေပြီဆိုတာတော့ အတိအကျမသိဘူး။ အခုက အားလုံး လောလောနဲ့ဆိုတော့။ အခုတောင် သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနေတယ် ဟု နောက်ထပ် လိုင်ဇာမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ လိုင်ဇာမြို့အတွင်း ပြည်သူတချို့ ဘေးလွတ်ရာကို စတင်တိမ်းရှောင်နေကြောင်း ပြောပါတယ်။

မတ်လ ၇ ရက်နေ့ မနက် ၆ နာရီလောက်ကစပြီး မြစ်ကြီးနားဗန်းမော် ကားလမ်းမပေါ်ရှိ ရွှေညောင်ပင် ခလရ ၃၂၁ စစ်တပ်စခန်း၊ ခယာဘွမ်နဲ့ ဘွမ်ရေဘွမ် တစ်ကြောရှိ စစ်ကောင်စီတပ်စခန်းကြီးတွေနဲ့အတူ မြို့သစ်၊ ကုန်းလော စတဲ့နေရာတွေဘက်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button