စစ်ပြေးဒုက္ခသည်များသတင်း

ဒေ့ါဖုန်းယန်နဲ့ မြို့သစ်ကြားက ကျေးရွာ ၂၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရ

KIO လိုင်ဇာအနီးတဝိုက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲပွားနေတာကြောင့် ဒေါ့ဖုန်းယန် နဲ့ မြို့သစ် ကုန်းလောတစ်လျှောက်မှာရှိတဲ့ ကျေးရွာအားလုံးက မိုးမောက်မြို့နယ်နဲ့ နီးတဲ့ မန်နောင်နဲ့ နမ့်ရီ ကျေးရွာတွေဘက်မှာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

မြစ်ကြီးနားဗန်းမော်လမ်းမပေါ် ဒေါ့ဖုန်းယန်၊ နွမ်လန့် နဲ့ ကုန်လောတစ်လျှောက် ဒီကနေ့ ကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် ကျေးရွာ ၂၀ လောက်က ဒေသခံပြည်သူ ၅၀၀၀ ကျော်ခန့် မုန်လိုင်ခ (Munglai Hka) အနီးတဝိုက်တောတွင်းနေရာတွေမှာ တိမ်းရှောင်နေကြတယ်လို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ နွမ်လန့်ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

စစ်ရှောင်တွေအားလုံးက ဗန်းမော်နဲ့ မိုးမောက်ဘက်ကို ထွက်ပြေးလို့မရတော့ဘူး။ အဲဒီတစ်ကြောအကုန်တိုက်ပွဲဖြစ်နေတာကြောင့် အားလုံးက မုန်လိုင်ခ တစ်ကြောဖက်ကို အကုန်ထွက်ပြေးနေကြတယ်။ စစ်ရှောင်တွေ နီးစပ်တဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွေမှာသွားစုနေကြတယ်။ တိုက်ပွဲဖြစ်နေတဲ့ တစ်ကြောက ရွာအကုန်လုံးပဲဘယ်သူမှ မရှိကြတော့ဘူးလို့ပြောပါတယ်။

လက်ရှိ စစ်ရှောင် ၅၀၀၀ ကျော်လောက်က မန်နောင်၊ နမ့်ရီ ၊ ညောင်ပေါ၊ နမ်ခွမ် စတဲ့ကျေးရွာတွေမှာ တိမ်းရှောင်နေကြပြီးတော့ စစ်ရှောင်အများစုက တောတွင်းနေရာတွေမှာ အများဆုံးတိမ်းရှောင်နေကြတယ်လို့ သူက ဆက်ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ့ဖုန်းယန်နဲ့ မြို့သစ်တစ်ကြောရှိ ကျေးရွာတွေဟာ အခုလိုအစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်ရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ကျေးရွာတစ်ချို့ကတော့ ၂၀၂၂ ခုနှစ်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် နေရပ်စစ်ရှောင်ပြည်သူတွေဖြစ်ပြီးတော့ အခုတစ်ဖန်ပြန်လည် ထွက်ပြေးတိမ်းရှောင်ရတာဖြစ်ပါတယ်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာတွေဟာ ဒေါ့ဖုန်းယန်၊ နွမ်လန့်၊ ကုန်းလော၊ တာလီ၊ တောပေ၊ နမ်ဒိန်၊ ကုန်းလော၊ ဂျေခပ့်၊ မြို့သစ်၊ ဖြိုးခိုင်၊ မားခွင်၊ လွယ်ဂျယ်၊ ဖတ်ဂီနဲ့ ပန်ကောင်းမှူး ကျေးရွာတွေဖြစ်ပါတယ်။

အဲဒီကျေးရွာတွေဟာ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းလောက်ကနေ KIO လိုင်ဇာအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဝင်ရောက်တိုက်ခိုက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အသက်ကြီးရွယ်အို၊ မိခင်နဲ့ ကလေးငယ်တွေက ဗန်းမော်နဲ့ မိုးမောက်ဘက်ကို ကြိုတင်တိမ်းရှောင်နေတာလည်းရှိပါတယ်။

နွမ်လန့်၊ ကုန်းလောနဲ့ မြို့သစ် ကျေးရွာတစ်ချို့ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ကျေးရွာအနီးတဝိုက်တွေမှာ နှစ်စဉ် စစ်ကောင်စီတပ်နဲ့ KIA တို့ကြား ထိတွေ့တိုက်ပွဲတွေ ပုံမှန်ဖြစ်ပွားနေတာကြောင့် စစ်ရှောင်အဖြစ် ထွက်ပြေးတိမ်းရှောင်တာ ၄ ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့် လက်ရှိ KIA က စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ တိုက်ပွဲနဲ့ ပတ်သက်ပြီး နွမ့်လန့်စစ်ရှောင်အမျိုးသားက အခုလို ဆက်ပြောလာပါတယ်။

ရွာလုံးကျွတ်လိုလို အားလုံးထွက်ပြေးတိမ်းရှောင်တာက ဒါပထမဆုံးအကြိမ်လို့ပြောလို့ရမယ်။ ဒီလိုတိုက်ပွဲတွေ ဖြစ်လာတာက တစ်ဖက်မှာ ကောင်းတယ်လို့ ယူဆလို့ရသလို တစ်ဖက်မှာက ပြည်သူတွေပဲ ဒုက္ခရောက်နေရတယ်။ ကောင်းတယ်လို့ ပြောတာက ဘာလို့လဲဆိုတော့ စစ်အာဏာရှင်စနစ်ရဲ့ လက်အောက်မှာက ဘယ်သူမှ မနေချင်ကြပါဘူး။ သူတို့သာရှိနေရင် ပြည်သူတွေအတွက် မလုံခြုံတော့ဘူး။ အမြန်ရှင်းထုတ်လိုက်ပြီး ငြိမ်းချမ်းစွာနဲ့ နေထိုင်ချင်ပြီလို့ပြောပါတယ်။

လက်ရှိတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေထဲမှာ ဒေါ့ဖုန်းယန်ဒေသခံတွေက အိမ်ခြေ လူဦးရေအများဆုံဖြစ်ပြီးတော့ ကျန်ကျေးရွာတွေမှာ အိမ်ခြေ ၁၀၀ ကျော်နဲ့ ၂၀၀ ဝန်းကျင်ရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တွေဟာ မြစ်ကြီးနားဗန်းမော်လမ်းမပေါ် တစ်ကြောရှိတဲ့ နွမ်လန့် ခမရ ၄၃၈ ၊ ဒေါ့ဖုန်းယန် ခလရ ၁၄၂ ၊ နောင်ကွန် မြောက်တပ်၊ မြို့သစ်တပ်စခန်းနဲ့ ခယာဘွမ်၊ ဘွမ်ရေဘွမ့်၊ ဖွန်းပရန်ဘွမ့်စတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကိုတပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားဗန်းမော်ကားလမ်းမပေါ်မှာရှိတဲ့ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် စစ်ကောင်စီတပ်စခန်းနဲ့ အောင်မြေ () ကျေးရွာမှာရှိတဲ့ အင်လုန်ခ ပြည်သူ့စစ်တပ်စခန်း ၂ နေရာကို ဝင်ရောက်ခိုက်ခဲ့ပြီး အင်လုန်ခတပ်စခန်းကို ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီးတော့ လက်နက်ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရရှိနိုင်ခဲ့ပါတယ်။

ယနေ့ KIA က ဖော်ဆောင်လိုက်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ တပ်စခန်း ၁၀ ကျော်လောက်ကို အင်အားအလုံးအရင်းနဲ့ တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ တန်ပြန်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီဘက်ကနေ တိုက်ပွဲဖြစ်ပွားနေတဲ့ ခယာဘွမ်၊ ဘွမ်ရေဘွမ့်၊ ဖွန်းပရန်ဘွမ့် စတဲ့ တပ်စခန်းတွေကနေ KIO လိုင်ဇာမြို့ပေါ်ဘက်ကို ဦးတည်ပြီး လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တာတွေလုပ်ဆောင်နေတာပါတယ်။

အခုလို လိုင်ဇာဘက်ကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် လိုင်ဇာမြို့အနီး ဝေကျိုင်ရပ်ကွက်တွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုရှိခဲ့တဲ့အပြင် အရပ်သားပြည်သူ ၂ ယောက်သေဆုံး ပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

By – နော်ထွယ်(ဟူးကောင့်)

Show More

Related Articles

Back to top button