မှော်စီဆာ နဂါးရေကန်အနီး မိုးကာတဲနဲ့ နေထိုင်ကြတဲ့ သူတွေကို ဖယ်ရှားဖို့ ကျောက်စိမ်းကုမ္ပဏီတွေပြောဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီဆာကျေးရွာထဲက ဒေသအခေါ် (နဂါးရေကန်) အနီးဝန်းကျင်မှာနေထိုင်တဲ့ ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေရဲ့မိုးကာတဲတွေ အမြန်ဆုံးရွေ့ပေးဖို့ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေကပြောဆိုထားတယ်လို့ ရေမဆေးသမားတွေဆီကနေ သိရပါတယ်။
အဲဒီ မိုးကာတဲတွေထိုးတဲ့နေရာတွေဟာ လုပ်ကွက်နဲ့မလွတ်တာကြောင့် လက်ရှိနေတဲ့နေရာကနေ တစ်လအတွင်းပြောင်းရွေ့ခိုင်းနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦး က KNGကိုပြောပါတယ်။
“ရွေ့ခိုင်းတာဟုတ်တယ် ကျူးကျော်နေထိုင်တဲ့မိုးကာတဲတွေကိုရွေ့ခိုင်းတာပြောတယ် လုပ်ကွက်နဲ့မလွတ်တဲ့ဟာတွေပေါ့ အခုလောလောဆယ်တော့မရွေ့သွားကြသေးဘူး”လို့ သူကပြောပါတယ်။
အဲ့ဒီနေရာမှာ မိုးကာတဲထိုးပြီးနေထိုင်တဲ့ အလုပ်သမားတွေနဲ့ ရေမဆေးသမားတွေ မိုးကာတဲပေါင်း ၈၀ ဝန်းကျင်လောက်နဲ့နေထိုင်နေတာဖြစ်ပြီး ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေက ဒီလအတွင်းပြောင်းရွေ့ပေးဖို့ မတ်လ လဆန်းပိုင်းမှာ လာပြောထားတာဖြစ်တယ်လို့သိရပါတယ်။
“ကျနော်တို့တော့မပါဘူး ဟိုဘက်ခြမ်းဟုတ်တယ် နဂါးနေကန်နားမှာနေတဲ့မိုးကာတဲတွေရွေ့ခိုင်းတာ”လို့ ရေမဆေးသမားတစ်ဦး ကပြောပါတယ်။
အဲ့ဒီနဂါးရေကန်အနီးမှာ နေထိုင်ကြတဲ့ မိုးကာတဲတွေထဲကပြည်သူတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းရောက်လာတဲ့သူတွေဖြစ်ပြီး အများစုဟာမြန်မာပြည်အောက်ပိုင်းကတက်လာသူတွေများတယ်လို့သိရကာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းကနေ အခြေချနေထိုင်လာတာကြောင့် ရုတ်တရက်ပြောင်းရွေ့ဖို့အခက်အခဲတွေရှိနေကြောင်းလည်းသိရပါတယ်။
ဒေသခံတွေပြောပြချက်အရ ကုမ္ပဏီတွေက မိုးကာတဲတစ်တဲကို ပြောင်းရွေ့ကြေး ကျပ် ၅ သိန်း ပေးမယ်လို့ပြောဆိုထားကြောင်းသိရပြီး ပြောင်းရွှေ့ဖို့ပြင်ဆင်နေသူတွေရှိနေပြီလို့ ဆိုပါတယ်။
ဖားကန့်ဒေသက မှော်စီဆာ ၊ဆိုင်းတောင်၊ ဝှေခါစတဲ့ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက် ဟောင်းတွေမှာ အနေနေ အရပ်ရပ်က ရောက်လာကြတဲ့ ရေမဆေးသမားတွေနဲ့ ရွေ့ပြောင်းအလုပ်သမားတွေဟာ မိုးကာတဲ ထိုးပြီး နေထိုင်ကြတာဖြစ်ပြီး အခုလို ပြောင်းရွေ့ခိုင်းတာမျိုးမကြာခနကြုံတွေ့နေရတာဖြစ်ပါတယ်။
By – Zaw Zaw