သတင်း

ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းက အမှုတော်ဆောင် ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် 

ကချင်ပြည်နယ် ဗန်းမော်မြို့၊ ရောဘတ်စစ်ရှောင်စခန်းက အမှုတော်ဆရာတစ်ပါး အပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို စစ်တပ်က မနေ့ညမှာ ဖမ်းဆီးသွားတယ်လို့ စစ်ရှောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

မတ်လ ၉ ရက်ည ၁၂ နာရီဝန်းကျင် စစ်ကောင်စီတပ်တွေဟာ အိမ်စီးကား ၂ စီး၊ စစ်ကား ၁ စီးနဲ့ ရောဘတ် စစ်ရှောင်စခန်းထဲကို ဝင်းတံခါး ရိုက်ချိုးဝင်ရောက်လာခဲ့ပြီး ဘာသာရေးဆရာတစ်ဦးအပါအဝင် စစ်ရှောင်အမျိုးသား ၁၇ ဦးကို အတင်းအဓ္ဓမဖမ်းဆီးသွားတယ်လို့ စစ်ရှောင်တွေနဲ့ နီးစပ်တဲ့မြို့ခံတစ်ဦးက KNG ကို ပြောပါတယ်။

အမှန်က စခန်းဝင်းတံခါးအဝင်ပေါက်မှာအစောင့်ရှိတယ် စစ်သားတွေရောက်လာတော့ အစောင့်တွေကပြေးရော။ အဲချိန်ဝင်းတံခါးတွေရိုက်ချိုးပြီး ဝင်လာတယ်လို့ပြောတယ်။ ပြီးတော့ ရှိသမျှ ယောကျ်ားတွေအကုန်လုံးကို ဒူးထောက်ခိုင်းထားပြီး စစ်တာတဲ့ တံတောင်ဆစ်တွေ ဒူးတွေစစ်ပြီး အသက်ကြီးတဲ့သူတွေကိုတော့ ချန်ခဲ့တာ သက်လတ်ပိုင်းကိုခေါ်သွားတယ် ပြောတယ်။ အားလုံး ၁၇ ဦးဖမ်းသွားတယ် လို့ ပြောပါတယ်။

ဖမ်းဆီးသွားတဲ့သူတွေကို စစ်ရှောင်စခန်းအနောက်ဖက်မှာရှိတဲ့ စကခ အမှတ် ၂၁ စခန်းမှာဖမ်းဆီးထားတယ်လို့ သိရပါတယ်။ အခုလိုစစ်တပ်က ကချင်စစ်ဘေးရှောင်တွေကို အဓိကပစ်မှတ်ထားဖမ်းဆီးသွားတာဟာ ကချင်လွတ်လပ်ရေးတပ်မတော်ကို KIA ကို စစ်ရှုံးနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဗန်းမော်မြို့မှာနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။

အဲဒီ စကစအကျင့်ကဘာလဲဆိုတော့ ကချင်စစ်ရှောင်စခန်းတွေဆို ယောကျ်ားတွေက KIA မှာစစ်မှုထမ်းတယ် မိန်းမနဲ့ကလေးတွေကို မြို့မှာထားတာ ကျနော်တို့ကြည့်စရာမလိုဘူးဆိုတဲ့သဘောက အရင်ကတည်းကရှိတယ် တစ်ခုခုဆို စစ်ရှောင်စခန်းကို မဲတာဟုတ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဟာ ဗန်းမော်မြို့အနီးတစ်လျှောက်ပစ်ခတ်သံတွေကြားရတိုင်း ရောဘတ်စစ်ရှောင်စခန်းထဲဝင်ရောက်လာပြီး ခြိမ်းခြောက်တာတွေလည်းရှိတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။

ရောဘတ်စစ်ရှောင်စခန်းမှာနေထိုင်တဲ့ စစ်ရှောင်တွေဟာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော်ကြား တစ်ကျော့ပြန်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်ပြီး လူဦးရေ စုစုပေါင်း ၃၃၁၀ ယောက်နဲ့ အိမ်ထောင်စုပေါင်း ၅၆၂ စု ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့မှာ မတ်လ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ ဘုန်းကြီးကျောင်း၊ လမ်းကြိုလမ်းကြားပါမကျန် ကင်းပုန်းချထားပြီး မြို့တွင်းမြို့ပြင် စစ်ဆေးရေးတင်းကြပ်နေတဲ့အပြင် ဒီနေ့ နေ့လည် ၁ နာရီဝန်းကျင်ကစပြီး မြို့တွင်းမြို့ပြင်မှာ ကား၊ဆိုင်ကယ်တွေကို စစ်ဆေးကာ ဖမ်းဆီးတာတွေလည်းရှိနေတာကြောင့် ဗန်းမော်မြို့ပြည်သူတွေဟာ အပြင်ထွက်တဲ့သူမရှိသလောက်တိတ်ဆိတ်နေပြီလို့လည်း မြို့ခံတွေကပြောပါတယ်။

မတ်လ ၇ ရက်နေ့ မနေ့ကစပြီး မြစ်ကြီးနားဗန်းမော်လမ်းတစ်လျှောက် စစ်တပ်စခန်းကို KIA KPDF ပူးပေါင်းတပ်တွေဘက်က စခန်းသိမ်းစစ်ဆင်ရေး လုပ်ဆောင်နေပြီး စစ်တပ်စခန်းအများအပြားကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဗန်းမော်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကလည်း မြို့ပတ်ပတ်လည် နေ့နဲ့ည မနားတမ်းလက်နက်ကြီးပစ်ခတ်နေတာကြောင့် ဗန်းမော်မြို့နဲ့ တစ်မိုင်ကျော်အကွာ ရိုးတန်းရပ်ကွက်ထဲလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဦးသိန်းဖေဆိုတဲ့ အရပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရရှိထားတယ်လို့ သိရပါတယ်။

ဒါကြောင့် မြို့နေပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့နဲ့ အရေးမကြီးရင်အပြင်မထွက်ကြဖို့ကိုလည်း ဗန်းမော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ခုချိန်အပြင်မထွက်တာကောင်းတယ် ထွက်လို့စစ်တာနဲ့တိုးပြီဆိုရင် အစစ်သာခံလိုက်ပြေးလို့ကတော့ ပစ်မှာဘဲ။ အဲကြောင့် ဖြစ်နိုင်ရင်တော့ အပြင်မထွက်ကြပါနဲ့လို့ပြောချင်တယ်။လို့ပြောပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့တက္ကသိုလ်ကျောင်းက ဝန်ထမ်းတွေနဲ့ကျောင်းသား၊သူတွေကိုလည်း မတ်လ ၇ ရက်ညမှာ နေရာပြောင်းရွှေ့ထွက်သွားခိုင်းပြိးနောက် စစ်တပ်က ကျောင်းမှာတပ်စွဲနေပြီလို့လည်း သိရပြီး မတ်လ ၈ ရက်နေ့မှာတော့ ဗန်းမော်မြို့ မြစ်ဆုံဟိုတယ်ပိုင်ရှင်အပါအဝင် ဝန်ထမ်းတစ်ချို့ကိုစစ်တပ်ကဖမ်းဆီးထားတာလည်းဖြစ်ပါတယ်။

လက်ရှိ ဗန်းမော်မြို့နဲ့အနီးတစ်ဝိုက်မှာရှိတဲ့ မိုးမောက်မြို့ဘက်ကိုလည်း KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button