လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

အောင်မြေ(၂) ဒေသခံပြည်သူတွေ ပိတ်မိနေတဲ့ နေရာမှာ အသက်ရှုကြပ်ပြီး အသက်ကြီးရွယ်အို တစ်ချို့သေဆုံးမှုရှိလာ

တိုက်ပွဲဖြစ်ပွားနေတဲ့ ဝိုင်းမော်မြို့နယ် အောင်မြေ() ကျေးရွာမှာ ဒေသခံပြည်သူ ၇၀၀ လောက်က လုံခြုံတဲ့နေရာကို ထွက်ခွင့်မရဘဲ ပိတ်မိနေသေးတာကြောင့် အသက်ကြီးရွယ်အိုတစ်ချို့ အသက်ရှုကြပ်ပြီး အသက်အန္တရာယ်သေဆုံးသွားတဲ့အထိကြုံတွေ့နေရတယ်လို့ ပိတ်မိပြည်သူတွေက ပြောပါတယ်။

 မတ်လ ၁၂ ရက် ဒီကနေ့ ညနေပိုင်း ၅ နာရီခွဲဝန်းကျင်လောက်မှာ ဘုန်းကြီးကျောင်းဓမ္မာရုံထဲမှာရှိနေတဲ့ အသက် ၉၀ နှစ်အရွယ် ကချင်အဖွားတစ်ယောက်က ပိတ်မိနေတဲ့ နေရာမှာ အသက်ရှုကြပ်ပြီး အသက်သေဆုံးသွားတယ်လို့ ပိတ်မိနေတဲ့ ပြည်သူတစ်ယောက်က KNG ကိုပြောပါတယ်။

ဓမ္မာရုံထဲမှာက လူအရမ်းများလို့ အသက်ရူကြပ်လို့ဆုံးသွားတယ်။ နဂိုကနေ အသက်လည်းကြီးပြီဆိုတော့ ရောဂါအခံလည်းရှိတယ်။ ပြီးရင် ဒီမှာက လေဝင်ပေါက်လည်း မကောင်းတော့ မခံနိုင်တော့ထာတင်တယ်။ အဲ့ကြောင့် ဆုံးသွားတယ်လို့ပြောပါတယ်။

လက်ရှိ ပိတ်မိနေတဲ့ အောင်မြေ() ဒေသခံပြည်သူတွေထဲမှာ အသက် ၇၀ ကျော်နဲ့ ၈၀ ကျော် အရွယ် ၁၀ ယောက်အထက် ရှိနေပြီး တစ်ချို့ကို နေရာအရွေ့အပြောင်း ပြန်လုပ်ပေးနေရတယ်လို့ သူကဆိုပါတယ်။

ဒါ့အပြင် ပိတ်မိနေတဲ့နေရာမှာ သက်ကြီးရွယ်အိုတစ်ချို့နဲ့ ကလေးငယ်တစ်ချို့လည်း နာမကျန်းဖြစ်နေပြီး ဆေးဝါးကုသမှုနဲ့ ကူညီစောင့်ရှောက်ပေးဖို့လည်းလိုအပ်တယ်လို့ သိရပါတယ်။

အောင်မြေ() ဒေသခံပြည်သူတွေက ရွာထဲမှာ ပိတ်မိနေတာဟာ ဒီကနေ့အထိဆိုရင် ၄ ရက်မြောက်အထိကြာမြင့်လာပြီးတော့ ရွာအပြင်ထွက်ခွင့်မရတာကြောင့် တိုက်ပွဲအတွင်းမှာ လက်နက်ကျည်ထိပြီး အသက်သေဆုံးသွားသူတစ်ချို့ကို ရွာအတွင်း ခြံစည်းရိုးနေရာတွေမှာသာ မြေမြှုပ်သဂြိုလ်ထားတယ်လို့ သိရပါတယ်။

ပိတ်မိပြည်သူတွေကို ကယ်ထုတ်နိုင်ဖို့ရန်အတွက် ဘာသာရေးခေါင်းများနဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် PCG က ညှိနှိုင်းဆောင်ရွက်နေပေမယ့် စစ်တပ်ဘက်ကနေ ကယ်ထုတ်ခွင့် ငြင်းဆန်တာကြောင့် ဒီကနေ့အထိ မကယ်ထုတ်နိုင်တာဖြစ်ပါတယ်။

လက်ရှိမှာ ပိတ်မိပြည်သူ ၇၀၀ လောက်က အောင်မြေ() ဘုန်းကြီးကျောင်းထဲမှာသာ စုပြုံနေထိုင်နေရတာဖြစ်ပြီး ကျေးရွာထဲမှာ ရေနဲ့ အစားအသောက်ပြတ်လပ်လာတဲ့အထိ အခက်အခဲကြုံတွေ့နေရတာကြောင့် အမြန်လွတ်မြောက်ချင်ပြီလို့ သူကဆက်လက်တောင်းဆိုပါတယ်။

ကျနော်တို့ လုံခြုံဘေးကင်းတဲ့နေရာကို ထွက်ချင်ပြီ။ တာဝန်ရှိတဲ့သူတွေကိုလည်း တောင်းဆိုချင်ပါတယ်လို့ပြောပါတယ်။

ပိတ်မိနေတဲ့ ပြည်သူတွေကို မတ်လ ၁၁ ရက်နေ့မှာလည်း သွားရောက်ကယ်ထုတ်ဖို့ ကားယဉ်တန်းနဲ့အတူ ဘာသာရေးခေါင်းတွေက အောင်မြေ() ကျေးရွာဘက်ကို သွားရောက်ခဲ့ပေမယ့် လမ်းတဝက်မှာ တိုက်ပွဲပြန်လည်ဖြစ်ပွားလာတာကြောင့် လမ်းတဝက်က ပြန်လည်ခေါက်ပြန်ခဲ့ရတာဖြစ်ပါတယ်။

အလားတူ ဒီကနေ့မှာလည်း သွားရောက်ကယ်ထုတ်ဖို့ သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် စစ်တပ်က ခွင့်မပြုတာကြောင့် သွားရောက် ကယ်ထုတ်နိုင်ခြင်းမရှိခဲ့ဘူးလို့တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်တပ်က အောင်မြေ()မှာ ပိတ်ဆို့ထားတဲ့ ဒေသခံပြည်သူတွေကို လွတ်ပေးဖို့အတွက် အောင်မြေ()မှာရှိတဲ့ KIA ပူးပေါင်းတပ်တွေကို တပ်ဆုတ်ခိုင်းတာကြောင့် မတ်လ ၁၁ ရက်နေ့ ညနေပိုင်း KIA က တပ်ဆုတ်ခဲ့ပေမယ့် စစ်တပ်က ကယ်ထုတ်ခွင့်မပေးသေးဘဲ အရပ်သားတွေကို ကာဗာယူပြီး လူသားဒိုင်းလုပ်‌ထားတာဘဲ ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button