သတင်း

ဒု – ဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ သတိပေးချက်အပေါ် လူငယ်တွေရဲ့ အမြင်

လူ့ဘဝမှာ ရွေးချယ်မှုမှားရင် ဆုံးရှုံးနစ်နာမှုများစွာနဲ့ဘဝမှားသလို ရွေးချယ်မှုကောင်းရင် ဘဝကောင်းမယ်ဆိုတာ လောကရဲ့ နိယာမတရားဘဲဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ကချင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ နည်းမျိုးစုံနဲ့ဒုက္ခပင်လယ်ဝေနေတဲ့အပြင် စစ်တပ်ကပေးနေတဲ့ သောကအပူမီးဟာ ပြည်သူတွေအဖို့ တစ်ရက်ထက်တစ်ရက် ပိုပြီးတောက်လောင် ခံစားနေကြရတာလည်းဖြစ်ပါတယ်။

အာဏာသိမ်းကာလ ၃ နှစ်ကျော်ကြာလာချိန် အဖက်ဖက်ကနေ စစ်ရှုံးနေတဲ့စစ်တပ်ဟာ ခေတ်ဆက်ဆက်တပ်စွဲနေထိုင်တဲ့ အထိုင်တပ်စခန်းအပါအဝင် စခန်းငယ်အများအပြားစွန့်လွှတ်နေရပြီး  တပ်သားအင်အားလည်းလျော့နည်းလာတဲ့အတွက် ဒီနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာတော့ စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး ရက်ပေါင်း ၄၀ အကြာမှာ ကချင်ပြည်နယ်အပါအဝင် တနိုင်ငံလုံး စစ်မှုထမ်းဖို့ ဆင့်ခေါ်စာတွေပို့ပြီး စာရင်းလိုက်ကောက်နေပြီဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အခုလိုလုပ်ဆောင်လာတာနဲ့ တစ်ပြိုင်နက် ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်ကလည်း သူ့ရဲ့လူမူကွန်ယက်စာမျက် မတ်လ ၂၀ ရက်နေ့ စစ်မှုထမ်းဥပဒေအတွက် ဆုံးဖြတ်ချက်အမြန်ချဖို့ သတိပေးထားတာလည်းဖြစ်ပါတယ်။

လူငယ်တွေအနေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို မြန်မြန်ဖို့နဲ့ အချိန်ကျော်လွန်သွားပါက ပြင်ဆင်ခွင့်မရတော့နိုင်တဲ့ခရီးကြမ်းကို လျှောက်ရမှာဖြစ်တယ်ဆိုပြီး မတ်လ၂၀ရက်နေ့က သူ့ရဲ့ ဖေ့စဘုတ်စာမျက်နှာကနေ သတိပေးစာကို ထုတ်ပြန်ရေးသားခဲ့တာဘဲ ဖြစ်ပါတယ်။

အခုလို ကချင်လွတ်လပ်ရေးကောင်စီ (KIC)ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် သတိပေး ထုတ်ပြန်ချက်အပေါ် ကချင်ပြည်နယ်မှာရှိတဲ့ လူငယ်တွေရဲ့ အမြင်ကို စုစည်းတင်ပြထားပါတယ်။

မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ လူငယ်အမျိုးသမီး တစ်ဦး

အခုလိုစာထုတ်တာနဲ့ပက်သက်ပြီးတော့ အရေးကြီးတယ်လို့ မြင်တယ် ပြီးတော့ဗိုလ်ချုပ်ကြီးကနေပြီးတော့လည်း လူငယ်တွေအတွက် လမ်းဖွင့်ပေးလိုက်တယ်လို့ မြင်မိတယ်။

အိမ်မှာဘဲနေလိုရနေတဲ့အခြေအနေလည်း မဟုတ်တော့ဘူး   ဒါကြောင့်မို့ ရွေးကို ရွေးချယ်ရမယ့် အချိန် ဖြစ်နေပြီလို့ထင်မိပါတယ်။ ကျွန်မအမြင်ကတော့ ပါဝင်ရမယ်လို့တော့ မြင်တယ် ဘယ်လိုပုံစံမျိုးနဲ့လည်းဆိုတော့ ကျွန်မ တို့လည်းကိုယ်သွားမယ့်လမ်းကိုတော့သိတယ်ပေါ့နော အခုအချိန်မှာ တွေဝေနေလို့ ကိုယ်ဆီရောက်လာတဲ့ အချိန်ကျမှ ဆုံးဖြတ်မယ်ဆိုရင် နစ်နာဆုံးရှုံးမှုတွေရှိလာမယ် အချိန်နောက်ကျသွားမယ် ဒါကြောင့်မို့လို့ အခုအချိန်မှာ မြန်မြန်ဆုံးဖြတ်ချက်ချတာကအမှန်ကန်ဆုံးဖြစ်မယ်လို့ မြင်မိတယ်။

မြစ်ကြီးနားမြို့က အသက်၂၀ကျော်အရွယ်လူငယ်တစ်ဦး

ကျွန်တော်ထင်တာကတော့ ဗိုလ်ချုပ်ကြီး ဂွမ်မော် ကလူငယ်တွေအတွက် စိုးရိမ်လို့ အခုလိုလုပ်တာလို့မြင်တယ် စစ်ကောင်စီဘက်ပါသွားပြီး စစ်ပွဲမှာ ထိပ်တိုက်တွေ့လာလို့ရှိရင်တော့

သိတဲ့အတိုင်းဘဲ အချင်းချင်းပစ်ရတော့မှာပေါ့ အဲလိုအခြေအနေတွေကို မရောက်ခိုင်းစေချင်တာပေါ့ ပြီးတော့ စစ်ကောင်စီဘက်ကလည်း တကယ်ကို သူ့အလုပ်ကိုသူ့လုပ်လာပြီပေါ့ ဒီလိုအခြေအနေမှာ

လွတ်မြောက်နယ်မြေဖြစ်တဲ့ ကေအိုင်အေတော်လှန်ရေးတပ်ထဲကို သူက လူငယ်တွေကိုဝင်လာစေချင်တယ်။ ပြီးတော့ ခုလို သူ့ဘက်ကစာထုတ်လိုက်တော့ လူငယ်တွေလည်းစိတ်ဓာတ်ပိုပြီးတက်ကြွလာမယ်လို့ ထင်တယ်။ ပြီးတော့ သူ့ဘက်ကနေ အတိအလင်းရေးလာတာကအခုအခြေတွေက တကယ်ကို အရေးကြီးနေပြီဆိုတာကို ပြောပြပေးနေတာပေါ့စစ်ကောင်စီဘက်ရောက်သွားရင်တော့ သေဖို့ပိုများတယ် မတရားဘက် မမှန်ကန်တဲ့ဘက်ကိုရပ်တည်ရမှာပေါ့

ဝိုင်းမော်မြို့က လူငယ်အမျိုးသမီးတစ်ဦး

အခုအခြေအနေက ဝိုင်းမော်မှာရော မြစ်ကြီးနားမှာရေး လုံခြုံတယ်လို့ ပြောလို့ မရတော့ဘူး လူငယ်တွေအတွက်လည်း ရွေးချယ်စရာက နှစ်ခုဘဲရှိတယ်လို့ မြင်တယ်။ တစ်ခုကတော်လှန်ရေးတပ်ထဲသွားမလား စကစဘက်သွားမလားပေါ့ အခုလိုထုတ်ပြန်တာကလည်း

တော်လှန်ရေးဘက်ကို ဝင်လာဖို့ အကြုံပြုထောက်ခံတာလို့ မြင်တယ်။ လူငယ်တစ်ယောက်အနေနဲ့ ပြန်တွေးမိတာက တော်လှန်ရေးမလုပ်ဘဲနဲ့ စစ်မတိုက်ဘဲနဲ့တော့ တိုင်းပြည်က တိုးတက်တဲ့ဘက် ငြိမ်းချမ်းတဲ့ဘက် ရောက်လာနိုင်မလားပေါ့ ဒီကိစ္စတွေက ဘယ်သူတွေပေါ်မှာ တာဝန်ရှိတာလဲပေါ့ ကိုယ့်ကိုယ်ကိုတော့ မေးခွန်းမေးမိတယ်

မိသားစုကို ပြုစုစောင့်ရှောက်နေရတဲ့ လူငယ်တစ်ဦး ( မြစ်ကြီးနားဒေသခံ)

 ကျွန်တော့်အမြင်ကတော့ ဗိုလ်ချုပ်ကြီးကနေပြီးတော့ လူငယ်တွေအနေနဲ့ စစ်ကောင်စီဘက်ကိုမပါသွားဘဲ ကိုယ်နိုင်ငံအတွက် ကိုယ်ကိုယ်တိုင်ကြိုးစားပါဝင်ကြဖို့ ဆိုပြီးတိုက်တွန်းတဲ့အနေနဲ့

ထုတ်ပြန်စာထုတ်ခဲ့တယ်လို့ မြင်မိပါတယ်။ ကျွန်တော်ကတော့ အိမ်မှာ အလုပ်နဲ့ပက်သက်ပြီးတော့ကကျွန်တော်တစ်ယောက်ဘဲလုပ်နေတယ် ကျွန်တော်ဘဲ ထောက်ပံ့နေတာပေါ့ အခုလိုမဖြစ်ခင်ကတည်းကနေလည်း အခြေအနေဆိုးလာမယ်ဆိုတာကိုတော့ သိနေတယ်

မြစ်ကြီးနားမှာဆိုလည်း စာရင်းကောက်တာတွေ အဖမ်းခံရတာတွေတော့ ကြားနေရတယ်။ အဲလိုတွေဖြစ်တော့ စိုးရိမ်စိတ်တွေဝင်ပေမယ့်လည်း တစ်ဖက်မှာ ဝမ်းရေးအတွက် တစ်အိမ်လုံးစားဖို့

အလုပ်လုပ်နေရတာပေါ့ ကိုယ်သွားလိုက်လို့ ရှိရင်လည်း ကိုယ်အိမ်ကလူတွေကိုက ကျွေးမယ့်လူမရှိ အဲလိုအခြေအနေတွေကြောင့် အခြေအနေဆိုးနေရင်တောင် အလုပ်ဘဲပြန်လုပ်နေရတာပေါ့

နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တစ်ဦး (မြစ်ကြီးနားဒေသခံ)

အခုရဲ့ အခြေအနေတွေက တော်လှန်တပ်ထဲဘဲ ဝင်မလား စကစတပ်ထဲဘဲ ဝင်မလား ဆိုတဲ့အရာနှစ်ခုအားပြိုင်နေတာပေါ့။ လူငယ်တွေအနေနဲ့ ထရိန်နင်ယူပြီး စကစဘက်ကနေ တော်လှန်ရေးအဖွဲနဲ့ စစ်တိုက်ရပြီး နောက်ဆုတ်မရတဲ့ အခြေအနေတွေ ပြီးတော့ လူငယ်တွေကို မမှန်ကန်တဲ့နေရာတွေမှာ အသက်သေဆုံးမှာကို စိုးရိမ်တဲ့အတွက်ဗိုလ်ချုပ်ကြီးဂွမ်မော်ကနေပြီးတော့ အခုလို ထုတ်ပြန်ချက် ထုတ်လိုက်တာလို့ မြင်မိပါတယ်။ ပြီးတော့ လူငယ်တွေအနေနဲ့လည်း အချိန်မဆွဲဘဲ စကစနဲ့ ထိန်းချုပ်နယ်မြေကနေ အမြန်ဆုံးထွက်ပြီးတော်လှန်ရေးနယ်မြေတွေထဲကို မြန်မြန် ထွက်ခွာသွား သင့်တယ်လို့ မြင်မိပါတယ်

By – Hope

Show More

Related Articles

Back to top button