စစ်ရေးသတင်း

ပူတာအိုဘက်ကို စက်သုံးဆီတင်သွင်းဖို့ KIA ညှိနှိုင်းမှုကို စစ်တပ်ကန့်ကွက်

ပူတာအိုမှာ ပြတ်လပ်နေတဲ့ စက်သုံးဆီတွေကို ကားလမ်းကြောင်းနဲ့ သယ်ယူဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်က ညှိနှိုင်းပေမယ့် စစ်တပ်ဘက်က ခွင့်မပြုဘဲ လေကြောင်းနဲ့သာ ပို့ဆောင်ပေးမယ်လို့ ပြည်နယ်အစိုးရက လာရောက်ပြောဆိုထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်ပြည်နယ် စစ်ကောင်စီဥက္ကဋ္ဌ ခက်ထိန်နန်က ဧပြီ ၂၈ ရက်နေ့ ပူတာအိုဒေသခံတစ်ချို့နဲ့ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ရာမှာ ခုလို ပြောဆိုခဲ့တယ်လို့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။

“KIA ဘက်က ဆီတွေကို ကားဘောက်စာနဲ့ သယ်ယူဖို့ညှိတယ် စစ်တပ်က ခွင့်မပြုဘူးတဲ့။ အဲ့ကြောင့် ပြည်သူတွေ လိုပ်အပ်နေတဲ့ စက်သုံးဆီတွေကို လေယာဉ်နဲ့ သယ်ပေးမယ်ဆိုပြီး ဒေသခံတွေကိုလာပြောသွားတယ်။ သယ်ယူခွင့်မပေးဘူးဆိုကတည်းက ပြည်သူတွေကို ပိုခက်ခဲသွားအောင် လုပ်နေတယ်လို့ပဲမြင်ပါတယ်လို့ပြောပါတယ်။

မြစ်ကြီးနားပူတာအိုကားလမ်းမကြီးကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ ဆွမ်ပရာဘွမ့်မြို့ပေါ်တိုက်ပွဲဖြစ်ပွားခဲ့တဲ့နောက်ပိုင်း ကားလမ်းပိုင်းတစ်ကြောလုံးကို ၂ ဖက်စစ်တပ်က သွားလာခွင့် ပိတ်ဆို့ထားတာ ၁ လကျောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

စစ်ရေးအကြောင်းပြပြီး ပူတာအိုမှာရှိတဲ့ ဆီဆိုင်ကြီးတွေက စက်သုံးဆီအဝင်မရှိတော့တဲ့အတွက် ဆီပြတ်လပ်သွားပြီလို့ ပြောဆိုပြီး ဒေသခံတွေကို တရားဝင်ဆီရောင်းချပေးတာတွေ ရပ်နားထားတာ ၁ လောက်ရှိလာပြီလို့ ဒေသခံတွေကပြောပါတယ်။

ဒါပေမယ့် လက်ရှိ ပူတာအိုမှာရှိတဲ့ ဆီဆိုင်ကြီးတွေမှာက ဆီပြတ်လပ်သွားတာမဟုတ်ဘဲ ရွှေလုပ်ငန်းရှင်တွေနဲ့ ငွေကြေးတတ်နိုင်တဲ့ သူတွေက ဆီဆိုင်ကြီးတွေဆီကနေ လိုသလောက်ရရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

ပူတာအိုမြို့ပေါ်ထဲက ဆီဆိုင်ကြီးတွေဖြစ်ကြတဲ့ ဇေယျာမင်း၊ တိုင်းကျော်၊ ပက်ထရိုဆဲ(လ်)ဗင်း၊ ဉာဏ်လင်း ၊ အောင်ကောင်း စတဲ့ ဆီဆိုင်ကြီးတွေက တရားဝင်ရောင်းချပေးမှု ရပ်တန့်ထားပေမယ့် ညအချိန်မှာ မှောင်ခိုနဲ့ ရောင်းဝယ်ရေးဖလှယ်နေကြတယ်လို့ ဆိုပါတယ်။

ခုလို KIA ဘက်ကနေ စက်သုံးဆီတွေကို ကားလမ်းကြောင်းနဲ့ သယ်ယူဖို့ ညှိနှိုင်းပေမယ့် ခွင့်မပြုတဲ့အပေါ်မှာ စစ်တပ်က ကယ်တင်ရှင်အနေနဲ့ ပြည်သူတွေကို လုပ်ပြဖို့ တမင်လုပ်ဆောင်မယ့် လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ ပူတာအိုဒေသခံက အဆက်ပြောပါတယ်။

စက်သုံးဆီတွေကို သယ်ယူဖို့ နည်းလမ်းရှာပေမယ့် စစ်တပ်က ခွင့်မပြုတာဖြစ်တယ်။ ဒီအပေါ်မှာပြောရမယ်ဆိုရင် စစ်တပ်က လေယာဉ်ရှိတာဖြစ်တဲ့အတွက် ပူတာအိုမှာဟိုးအရင်ကတည်းက (မဆလ)ခေတ်ကတည်းက ဖြစ်နေကြ ဆားမရှိတဲ့ သူတွေကို ဆားတစ်ထုပ်စီပေးတဲ့ ကျေးဇူးရှင်ပုံစံသွင်းတာက ဒီကနေ့အထိ အသုံးပြုလာတယ်လို့မြင်ပါတယ်။ အခုလည်း ကယ်တင်ရှင်လို နာမည်ပြန်ယူဖို့ လုပ်လာတယ်လို့ မြင်ပါတယ်လို့ပြောပါတယ်။

 ဒါ့အပြင် ပူတာအိုမှာ စက်သုံးဆီတွေ ပြတ်လပ်နေတာနဲ့ ပတ်သက်ပြီး စစ်တပ်ကိုယ်တိုင်က လေယာဉ်နဲ့ သယ်ယူပြီး စစ်တပ်ရဲ့ ဝင်ငွေ တစ်အခုအနေနဲ့ အသုံးချလုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။

စစ်သုံးဆီရောင်းချနေတဲ့ ဆိုင်ကြီးတွေမှာ မှောင်ခိုစနစ်နဲ့ ဆီတွေကို လိုသလောက်ရရှိနေတဲ့အပြင် စစ်တပ်ကိုယ်တိုင်လည်း လေယာဉ်နဲ့ သယ်ယူထားတဲ့ စက်သုံးဆီတွေကို ကိုယ်စားလှယ်တွေနဲ့ ရောင်းချပြီး ဝင်ငွေရှာဖွေနေတယ်လို့လည်းသိရပါတယ်။

စစ်တပ်က ပူတာအိုဒေသအတွင်းမှာ ရွှေလုပ်ငန်းရှင်တွေကို ရွှေတူးဖော်ခွင့်ပြုလိုက်ပြီး တစ်ဖက်တပ်လှမ်းကနေ ဆီဆိုင်ကြီးတွေနဲ့ စစ်တပ်က ပူးပေါင်းပြီး စက်သုံးဆီတွေကို တရားမဟုတ်ဘဲ မှောင်ခိုစနစ်နဲ့ ဝင်ငွေရှာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်က အောက်ပိုင်းဘက်ကနေ ရွှေလာတူးတဲ့လုပ်ငန်းရှင်တွေနဲ့ နယ်ခံတွေကို ရွှေတူးဖော်ခွင့်ပေးလိုက်တယ်။ လုပ်ငန်းရှင်တွေက ရှိတဲ့ ဆီတွေအကုန်ဝယ်လိုက်လို့ ပြည်သူတွေက ဆီမရှိတော့ဘူး။ တစ်ဖက်မှာ ပြည်သူတွေက ဆီပြတ်လပ်သွားတဲ့ ဒုက္ခဖြစ်တဲ့အခါ အားလုံးဆူညံလာမှာဘဲ အဲဒီအချိန်ကျရင် လမ်းက မဖွင့်ပေးရင်လည်းမရတော့ဘူး။ စစ်တပ်ဘက်အဲဒီ စနစ်ကိုကျင့်သုံးနေတာလို့ပြောပါတယ်။

ဒါကြောင့် လက်ရှိမှာ ဓါတ်ဆီတစ်ပုလင်းကို ၂ သောင်းဝန်းကျင်အထိရှိပြီး ဆီတစ်ပေပါကို ၃၅ သိန်းအထိ စျေးနှုန်းမြင့်တက်နေတယ်လို့ သိရပါတယ်။

ပူတာအိုဒေသထဲကို ဆီကားအပြင် ကုန်းကားတွေပါ သွားလာခွင့် ပိတ်ဆို့ထားတာကြောင့် အခြေခံစားသောက်ကုန် အများပိုင်းက ပြတ်တောက်သွားတဲ့ အခက်အခဲလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

လက်ရှိ ပူတာအိုမှာ ဆန်တစ်အိတ် ၂ သိန်း၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ တစ်ပိသာ ၂ သောင်းကျော်အထိရှိပြီး ငရုတ်သီး တစ်ဗူးကို ၃ ထောင်ကျပ်နဲ့ ပေးဝယ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပူတာအိုဒေသဟာ  ကချင်ပြည်နယ် မြောက်ဖျားပိုင်းမှာ တည်ရှိတဲ့ မြို့တစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတစ်ခုလည်းဖြစ်တာကြောင့် အခုလို ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့ အပေါ်မှာ ဒေသခံပြည်သူတွေ အစားအစာပြတ်လပ်လာတဲ့အထိ အခက်အခဲကြုံတွေ့နေရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button