တိုက်ပွဲသတင်း

ကသာမြို့ စစ်ကောင်စီစစ်ကြောင်း ဒရုန်းနဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းတွေထိုးနေပြီး အဲ့ဒီစစ်ကြောင်းကို ကသာမြို့ပြင်က ကပ္ပလိပ်ရွာမှာ ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်က ကသာမြို့က ခမရ ၃၀၉ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးလာရာကနေ ဒရုန်းနဲ့ပစ်ခတ်ခဲ့ပြီး ထိတွေ့မှုဖြစ်ခဲ့တာလို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

ပထမက ဆိုင်ကယ်အဖွဲ့အရင်လာတယ် လမ်းလျှောက်လာတယ် ပြီးမှ ကားနဲ့လာပြီးတော့ ၁၂ဘီးတစ်စီး ၆ဘီးတစ်စီး ကားအသေး၃စီးနဲ့ ကပ္ပလိပ်ကိုပဲဦးတည်လာတာ အဲ့မှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိနိုင်တယ်လို့သိရပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့သလို အပြန်အလှန်ထိတွေ့မှုအနည်းငယ်ဖြစ်ခဲ့ကြတယ်လို့ဆိုပါတယ်။

ကပ္ပလိပ်ရွာဟာကသာမြို့နဲ့မိုင်တစ်ဝက်ခန့်သာဝေးပြီး စစ်ကောင်စီတပ်ဘက်ကကသာမြို့ပြင်ကို မကြာခဏ ကင်းပတ်ပြီး စစ်ကြောင်းထိုးလုံခြုံရေးယူလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုံမှန်လှည့်နေကျသူတို့က ဒီနေရာမှာကာကွယ်ရေးတပ်တွေရှိတာလည်း သူတို့သိနေတာပဲ သူတို့ရဲ့လှုပ်ရှား စစ်ကြောင်းက မြို့ရဲ့ဆင်ခြေဖုံးရွာတွေကို လိုက်ပတ်နေတာပဲလို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် ကသာမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်း စစ်ကြောင်းပတ်ထိုးတဲ့အပြင် မြို့တွင်းက အရပ်သားတွေလည်းမကြာခဏဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့ကဆိုရင် ကသာမြို့ ရွှေပြည်အိုးကားဂိတ်က ကုန်တင်၊ကုန်ချ အလုပ်သမားတစ် ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး စစ်ဆေးပြီးမှပြန်လွှတ်ပေးခဲ့တဲ့ဖြစ်စဥ်တွေလည်းရှိပါတယ်။

ဒါ့အပြင် ဧပြီလ နောက်ဆုံးအပတ်ကစလို့ ကသာမြို့ပြင်က ရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း ကာကွယ်ရေးတပ်တွေအကြားမကြာခဏ ထိတွေ့မှုတွေဖြစ်နေပြီး နှစ်ဖက် ထိခိုက်မှု တွေလည်းရှိတယ်လို့ ကသာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button