သတင်း

မံစီမြို့ပေါ်နဲ့ အနီးဝန်းကျင်ရွာက ပြည်သူတွေကို အရေးပေါ်ပြောင်းရွေ့ခိုင်း

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ဒေသခံတွေနဲ့ မြို့နဲ့နီးတဲ့ ကျေးရွာနေပြည်သူတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ် နှစ်ဖက်တပ်က အရေးပေါ်ပြောင်းရွေ့ခိုင်းထားတယ်လို့သိရပါတယ်။

မံစီမြို့ပေါ်က ဒေသခံပြည်သူတွေနဲ့ မြို့နဲ့နီးတဲ့ကျေးရွာတွေဖြစ်တဲ့ စံလွန်ယန်အပါအဝင် ရွာတစ်ချို့ကပြည်သူတွေကို လက်နက်ကိုင်နှစ်ဖက်တပ်က ဧပြီ ၁ ရက်နေ့ကစပြီး အရေးပေါ်ပြောင်းရွေ့ခိုင်းထားတာကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ မံစီမြို့နေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

မံစီမြို့နယ်တဝိုက်ရွာကလူတွေကို တစ်ပတ်နှစ်ပတ်လောက်တဲ့ရှောင်ရမယ်ထင်တယ်တဲ့။ အဲ့တာကြောင့်အရေးပေါ်ရှောင်ခိုင်းထားတာရှိတယ် မံစီမြို့နယ်တဝိုင်းအားလုံးရှောင်ကြတဲ့လူများတယ်လို့သူကပြောပါတယ်။

လက်ရှိမံစီမြို့တွင်းမှာ ခမရ ၃၁၉ တပ်၊ စစ်ကောင်စီရဲစခန်းတွေကျန်ရှိနေသေးတာဖြစ်ပြီး တိုက်ပွဲ ဖြစ်ပွားလာနိုင်တာကြောင့် ဒေသခံတွေကိုနှစ်ဖက်တပ်တွေက ကြိုတင်ပြီးပြောင်းရွေ့ခိုင်းထားတာဖြစ်တယ်လို့သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ လက်ရှိ မံစီအထက်ဘက်က မိုင်းခေါင်ကျေးရွာနဲ့ ကောင်ဂျာရွာ၊ မုန်းဒိန်ကျေးရွာတွေမှာတိမ်းရှောင်နေကြပြီး လူဦးရေများတာကြောင့်နေရာထိုင်ခင်းနဲ့စားသောက်ရေးအခက်အခဲ ဖြစ်နေတယ်လို့လည်း အခြားစစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောပါတယ်။

အများပိုင်းကတော့မိုင်းခေါင်ရွာထဲမှာပဲဟုတ်တယ် Rc Camp ၂ခုဖွင့်ထားတယ်အဲ့မှာလူပေါင်း ၃၀၀၀ ၊၄၀၀၀ မကဘူး လူများလို့နေရာထိုင်ခင်းတွေ စားရေးသောက်ရေးတွေတော့အခက်အခဲ ဖြစ်တာပေါ့လို့ သူကပြောပါတယ်။

မံစီမြို့ပေါ်မှာအိမ်ခြေ ၅၀၀ ဝန်းကျင်ရှိတဲ့ထဲက လက်ရှိ အိမ်ခြေ ၃၀၀ ကျော်လောက်ထိတိမ်းရှောင်သွားကြပြီလို့သိရပါတယ်။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ထဲကစစ်ကောင်စီတပ်ရဲ့ စီခမ်းကြီးဗျူဟာစခန်းကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၉ နံနက် ၁၁ နာရီခန့်မှာသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button