သတင်း

စံလွန်ယန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ် ခြေ ၂၀ ခန့်ထိခိုက်ပျက်စီး

ကချင်ပြည်နယ် မံစီမြို့နယ် စံလွန်ယန်ကျေးရွာမှာ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ် အလုံး ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံ‌တွေဆီကနေ သိရပါတယ်။

မေလ ၂ ရက်နေ့ မွန်းလွဲပိုင်း လေပြင်းမုန်တိုင်းကျရောက်ခဲ့လို့ လူနေအိမ် ၂၀ လုံးတိတိ ထိခိုက်ပျက်စီးသွားတဲ့အပြင် နှစ်ရှည်ပင် ၊ စားပင်တွေလည်း ပျက်စီးသွားတယ်လို့ စံလွန်ယန်ကျေးရွာနေအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။

အိမ်တွေလှဲသွားတဲ့အထိတော့မရှိဘူး မိုးထားတဲ့သွပ်တွေ လှန်သွားတာ။ တချို့အိမ်တွေဆိုသွပ်တွေရစရာမရှိဘူးပျက်စီးသွားတယ်။ ပြီးတော့ ထရံကာထားတဲ့အိမ်က ထရံတွေ လေထဲပါသွားတာ အကာတွေဘာတွေမရှိတော့ ပြီးတော့သီးပင်စားပင်တွေလှဲသွားတာရှိတယ်လို့သူကပြောပါတယ်။

လေပြင်းမုန်တိုင်း တစ်နာရီအကြာတိုက်ခိုက်ခဲ့တာကြောင့် ဝါး၊ထရံ၊သွပ်မိုးထားတဲ့နေအိမ်အများပိုင်း ပျက်စီးသွားတာဖြစ်တယ်လို့ စံလွန်ယန်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ 

အိမ်ကောင်းတဲ့အိမ်တွေတော့မှဘာမဖြစ်ဘူး။ အခုပျက်စီးသွားတာက သွပ်မိုးထရံကာအိမ်လေးတွေ ပြောမယ်ဆိုမရှိဆင်းရဲသားတွေရဲ့အိမ်လေးတွေပါသွားတာ။ မရှိလို့ပဲအခုလိုအိမ်လေးနဲ့နေတာအဲ့တာပါလေထဲပါသွားတော့ အိမ်ရှင်တွေတော့ဒုက္ခဖြစ်တာပေါ့နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။

စံလွန်ယန်ကျေးရွာအပါအဝင် အနီးဝန်းကျင်ရွာနဲ့ မံစီမြို့ပေါ်က ပြည်သူတွေဟာ မေလ ၁ ရက်နေ့ မနက်ပိုင်းကတည်းကနေ KIA နဲ့စစ်ကောင်စီနှစ်ဖက်တပ်တွေ တိမ်းရှောင်ဖို့အသိပေးလာတာကြောင့် မိုင်းခေါင်ဘက်ကိုစစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

အလားတူ ကချင်ပြည်နယ်ထဲမှာ ဧပြီလ လကုန်ပိုင်းကနေ နေရာကွက်ကြား လေပြင်းမုန်တိုင်း တိုက်ခိုက်လို့ ဧပြီလ ၂ ရက်နေ့ မိုးညင်းမြို့နယ်ပင်းဟဲကျေးရွာမှာ လေပြင်းကြောင့်အိမ်ခြေ ၁၀၀ နီးပါးပျက်စီးခဲ့သလို တနိုင်းမြို့နယ် လမုန်ကျေးရွာမှာလေပြင်းတိုက်ခတ်မှူကြောင့်နေအိမ်အများအပြားပျက်စီးခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button