ဖမ်းဆီးခံရမှုသတင်း

ကိုးကန့်တပ်ဖွဲ့ ကချင်အမျိုးသမီးတစ်ဦးကိုဖမ်းဆီးထား 

ရှမ်းမြောက် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာမှာ ကိုးကန့် MNDAA တပ်ဖွဲ့က ကချင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထားတာ ၃ ရက်ကြာလာပေမယ့် ပြန်လွတ်ပေးခြင်းမရှိသေးဘူးလို့ ဒေသခံတွေပြောပါတယ်။

မေလ ၁ ရက်နေ့ မနက်ပိုင်း ၈ နာရီလောက်မှာ ကိုးကန့် MNDAA တပ်ဖွဲ့က ခိုမုန်းကျေးရွာမှာနေထိုင်တဲ့ အသက် ၄၀ ဝန်းကျင် ဒေါ်ခန်းဒါဆိုင်းနန်ကို နေအိမ်ကနေ အတင်းအဓ္ဓမလာရောက်ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်မှာ ဖမ်းဆီးခံသွားရတဲ့ ဒေါ်ခန်းဒါဆိုင်းနန် မိသားစုနေအိမ်မှာ မကြာခဏဝင်ထွက်လုပ်နေတဲ့ ကိုးကန့်တပ်သားတစ်ဦး ထွက်ပြေးသွားတာကြောင့် ဒေါ်ခန်းဒါဆိုင်းနန် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ခိုမုန်းဒေသခံတစ်ဦးက ပြောပါတယ်။

 ကိုးကန့်တပ်တွေ လာဖမ်းဆီးတဲ့အကြောင်းရင်းက ကိုးကန့်တပ်သားလုပ်တဲ့ ကချင်ကောင်လေးတစ်ယောက်က ဒီရွာမှာ တာဝန်ကျတော့ အဲဒီအိမ်ခနနသွားလည်တာ ခုအဲ‌ဒီတပ်သားထွက်ပြေးသွားပြီဆိုတော့ သူတို့ဘယ်မှလိုက်မရှာတတ်တော့ သူအမြဲသွားလည်နေတဲ့ နေအိမ်က အိမ်ရှင်ကိုမရမက ဖမ်းခေါ်သွားတာဟုတ်တယ်။ အိမ်သားတွေဘက်က သူတို့နဲ့မဆိုင်ဘူးဆိုပြီး ကောင်းကောင်းမွန်မွန်ပြောပြနေလည်း ကိုးကန့်တပ်က လုံး၀ နားမထောင်ဘူး လို့ ပြောပါတယ်။

ကိုးကန့်တပ်ကနေ ထွက်ပြေးသွားတဲ့ တပ်သားဟာ ကချင်လူငယ်ဖြစ်ပြီး တပ်သားအဖြစ်စုဆောင်းခံထားရသူဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံသွားရတဲ့ ဒေါ်ခန်းဒါဆိုင်းနန်ဟာ ကလေး ၄ ဦးမိခင်ဖြစ်ပြီး ဖမ်းဆီးခံရချိန်အနီးပတ်ဝန်းကျင်မှ မိတ်ဆွေအိမ်နီးချင်းတွေ လိုက်လံတားဆီးကြပေမဲ့ ကိုးကန့်တပ်ဖွဲ့က မိခင်မလိုက်ရင် ကလေးကိုဖမ်းခေါ်မယ်လို့ဆိုကာ အတင်း ဖမ်းခေါ်သွားတယ်လို့ ပြောပါတယ်။ 

ကိုးကန့်တပ်ထဲက ထွက်ပြေးသွားတဲ့သူက သပ်သပ် ဒေါ်ဆိုင်းနန်ကသပ်သပ်ပဲ ဘာမှမဆိုင်တဲ့သူကို ကိုးကန့်က အခုလိုဖမ်းခေါ်ထားတာက လုံး၀မတရားဘူး။ အခုသူတို့က ထွက်ပြေးသွားတဲ့တပ်သားမပြန်လာမချင်း မလွတ်ပေးဘူးဆိုတဲ့သဘောထင်တယ်လို့ ခိုမုန်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ကိုးကန့်တပ်တွေဟာ ဖမ်းဆီးထားတဲ့ ကချင်အမျိုးသမီးကို ကိုးကန့် MNDAA တပ်က ထွက်ပြေးသွားတဲ့တပ်သားရဲ့ နေအိမ်ကို လိုက်ပြခိုင်းပြီး အကျယ်ချူပ်ပုံစံဖြင့် ခိုမုန်းရွာမှာ ဖမ်းခေါ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

 ဒေါ်ခန်းဒါဆိုင်းနန်လွတ်ပေးဖို့ ကျေးရွာရှိ သက်ဆိုင်ရာလူကြီးတွေက ကိုးကန့်တပ်ဖွဲ့ကို တောင်းဆိုညှိနှိုင်းတာတွေလုပ်ဆောင်နေတယ်လို့ ဆက်လက်သိရပါတယ်။

ကိုးကန့် MNDAAက တပ်သားစုဆောင်းလို့ MNDAA တပ်သားလုပ်နေတဲ့ထဲမှာ ကချင်လူငယ်တွေ အများပိုင်းရှိနေပြီး ကိုးကန့်တပ်က တပ်ထဲကထွက်ပြေးသွားသူတွေကိုလည်း မရမကရှာယူပြီး တွေ့ရင် ပစ်သတ်တာတွေ၊ ရိုက်နှက်ပြစ်ဒဏ်ပေးတာတွေ လုပ်တယ်လို့ ပြောပါတယ်။  

ကျနော်တို့ကချင်လူငယ်တွေတော်တော်များများ လောက်ကိုင်ဘက်သွား အလုပ်လုပ်ရင်း ကိုးကန့်ရဲ့တပ်သားစုဆောင်းတဲ့ထဲပါသွားတာကြောင့် ကိုးကန့်တပ်သားလုပ်နေတဲ့ ကချင်လူငယ်တွေအများကြီးရှိတယ်။ ဆိုတော့ သူတို့က အခြားကျေးရွာတွေမှာရောက်လည်း ကချင်အိမ်ဆိုရင် ကိုယ့်မိသားစုလို ယုံကြည်ခင်မင်တော့ အိမ်ကိုအဝင်အထွက်လုပ်၊ ပြီးတော့ သိပ်မကြာဘူး အဲဒီတပ်သားကထွက်ပြေးတော့ ကိုးကန့်က သူအမြဲသွားနေကျ အိမ်ကိုသွားပြီး ဘာမှမဆိုင်တဲ့ မိသားစုတွေကို ဖမ်းဆီးတာတွေ အရင်ကလည်း အများကြီးရှိပြီ။ ဒီလိုတွေဖြစ်နေမြဲဖြစ်နေတယ်။ အခုဒီရွာတွေက ကချင်လူငယ်တွေလည်း တော်တော်များများ ကိုးကန့်တပ်သားလုပ်နေတယ်။ ဘယ်လိုမှ မထွက်ပြေးလာနိုင်တဲ့သူတွေဟုတ်တယ်လို့ ခိုမုန်းရွာခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ကိုးကန့် MNDAA ဟာ လက်ရှိချိန် ခိုမုန်းကျေးရွာ စာသင်ကျောင်းနဲ့ ကျေးလက်ကျန်းမာရေးဌာန ၊ ဆေးရုံတွေမှာ ဝင်ရောက်နေရာယူတပ်စွဲလိုက်တာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့နေတာတွေလည်းရှိပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ကလည်း နမ့်ဖတ်ကာကျေးရွာ မနောင်ယန်ရပ်ကွက်မှာ ကိုးကန့် MNDAA တပ်သားတစ်ဦးက အသက် ၁၇ နှစ်အရွယ်ရှိသူ ကချင်မိန်းကလေးငယ်တစ်ဦးကို သက်ငယ်မဒိန်းပြုကျင့်ဖို့ ကြံစည်ခဲ့မှုဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ 

အဲဒီအမှုကို တစ်ပတ်အကြာမှာတော့ ကျေးရွာကချင်ရိုးရာအဖွဲ့မှ တာဝန်ယူဖြေရှင်းပေးပြီး မဒိန်းမှုကျူးလွန်ဖို့ ကြံစည်သူ ကိုးကန့်တပ်သားကို ငွေကြေး ၁ သိန်းနဲ့ ကချင်ရိုးရာပလိုင်းနဲ့ တောင်းပန်ခဲ့ခိုင်းပြီး ဖြေရှင်းပြီးစီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ရှမ်းမြောက်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေများပြီး အုပ်ချူပ်ရေးပိုင်းအားနည်းမှုတွေကြောင့် ဒေသခံပြည်သူတွေနဲ့ လက်နက်ကိုင်တွေအတူယှဉ်တွဲနေထိုင်ရာမှာ အခက်ခဲဒုက္ခများစွာရှိနေတယ်လို့ ဒေသခံတွေပြောဆိုနေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button