သတင်း

ဖောင်းပြင်မှာ စစ်တပ်ဗုံးကြဲလို့ စစ်ရှောင်အမျိုးသမီငယ်တစ်ဦးသေဆုံး

တစ်ဦးဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် အရှေ့ ခမိုင်းကျေးရွာမှာ စစ်ကောင်စီတပ်က ဗုံးကြဲလို့ စစ်ရှောင်နေတဲ့အမျိုးသမီးငယ်တစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရထားတယ်လို့သိရပါတယ်။

ဖောင်းပြင်မြို့နဲ့ လေးမိုင်ကျော်ဝေးတဲ့ အရှေ့ ခမိုင်းကျေးရွာကို စစ်ကောင်စီတပ်က မေလ ၆ ရက်နေ့ ည ၁၂ နာရီအချိန်မှာ ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံးကြဲခဲ့တာဖြစ်တယ်လို့ ဖောင်ပြင်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ည ၁၂ နာရီကြီးမှာ ပတ်ကြဲသွားတာ အရှေ့ခမိုင်းရွာနဲ့ တခြားရွာအနီးဝန်းကျင်တွေကိုပေါ့။အလုံး ၇၀ လောက်ကြဲသွားတယ် ထိခိုက်မှုကတော့ အရှေ့ခမိုင်းရွာမှာ စစ်ရှောင်နေတဲ့ ၁၆ နှစ်အရွယ် ကလေးမကတော့ဆုံးသွားတယ် နောက်တစ်ယောက်ကောင်လေးက ဒဏ်ရာရသွားတယ်လို့ သူကပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ရှောင်အမျိုးသမီးငယ်ဟာ ဆိတ်ဆားကျေးရွာကနေ အရှေ့ခမိုင်းရွာကိုစစ်ကရှောင်လာရင်း ဗုံးထိသေဆုံးသွားတာဖြစ်ပြီး အမည်နာမကိုတော့အတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဘုန်းကြီးကျောင်းဆောင်တစ်လုံးနဲ့ လူနေအိမ် ၃လုံးလည်းပြိုကျပျက်စီးသွားတယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။

ဆိတ်ဆားကျေးရွာဘုန်းကြီးကျောင်းထဲက လူမရှိတဲ့ကျောင်းဆောင်တစ်ဆောင်တော့ပြိုကျသွားတယ် နောက်ပြီးတော့ ရွာထဲက လူမရှိတဲ့အိမ်သုံးလုံးကလည်းဗုံးသီးကျလို့ ပြိုကျသွားတယ်လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။

ဖောင်းပြင်မြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပူးပေါင်းတပ်ထိုင်နေတဲ့ စခန်းတွေထဲက ၇၀ ရာခိုင်နှုန်းလောက်ကို ဖောင်းပြင်နယ်PDFနဲ့ ဟုမ္မလင်း PDFပူးပေါင်းတပ်တွေထိန်းချုပ်လိုက်ပြီဖြစ်ပြီး လက်ရှိကျန်ရှိနေတဲ့ စခန်းအနည်းငယ်နဲ့ ဖောင်းပြင်မြို့ကိုပါ PDF တွေ သိမ်းပိုက်ဖို့ စစ်ကြောင်းထိုးနေတာတွေကြောင့် စစ်ကောင်စီတပ်ကအခုလိုဗုံးကျဲနေတာလို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဖောင်းပြင်မြို့နယ်နဲ့ဟုမ္မလင်းမြို့နယ်အစပ်မှာရှိတဲ့ကျေးရွာတွေကို ဧပြီလကတည်းက ဗုံးကျဲတိုက်ခိုက် နေတာ‌ ကြောင့် အရပ်သားသေဆုံးမှုတွေနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဟုမ္မလင်းမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်အစပ်မှာရှိတဲ့ ဟုမ္မလင်း နယ်ထဲက မနောသာ၊ကျွန်းကုန်း၊အင်ကြင်းမော် စတဲ့ကျေးရွာတွေမှာထိုင်ထားတဲ့ စစ်ကောင်စီ၊SNA နဲ့ပျူစောထီးတွေရဲ့တပ်စခန်းတွေကို ဟုမ္မလင်းPDF နဲ့မဟာမိတ်တပ်တွေက ဧပြီလဆန်းပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button