သတင်း

ရှမ်းမြောက် ကွတ်ခိုင်နဲ့မုံးကိုးအပါအဝင် နေရာတစ်ချို့မှာ ကိုးကန့် MNDAA  တပ်စွဲနေရာယူထားလို့ စာသင်ကျောင်းဖွင့်ဖို့အခက်ခဲဖြစ်နေ

ရှမ်းမြောက် ကွတ်ခိုင်နဲ့ မုံးကိုးဒေသကျေးရွာအပါအဝင် နေရာတစ်ချို့မှာရှိတဲ့ စာသင်ကျောင်းဝင်းထဲ ကိုးကန့် MNDAA ကတပ်စွဲနေရာယူလိုက်တာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကလေးတွေအတွက်ကျောင်းဖွင့်နိုင်ဖို့ အခက်အခဲကြုံနေရတယ်လို့  ဒေသခံတွေကပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာအနီး ခိုမုန်းကျေးရွာအခြေခံပညာရေးကျောင်းမှာ ကိုးကန့် MNDAA တပ်ဖွဲ့တွေ တပ်ချနေရာယူထားတာ  လကျော်ကြာမြင့်နေပြီး ဒီကနေ့ထိ ပြောင်းရွှေ့ပေးတာမရှိတဲ့အတွက်  ၂၀၂၄၂၀၂၅ စာသင်နှစ်အတွက်ကျောင်းဖွင့်ဖို့ အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။

ကျနော်တို့ ကျောင်းဖွင့်ဖို့လုပ်နေပေမဲ့ ကိုးကန့် MNDAA က ကျောင်းမှာ နေရာယူနေတယ်။ သူတို့ကျောင်းမှာနေလိုက်တော့ ကျနော်တို့ဘယ်လိုမှ လှုပ်ရှားလို့မရနေဘူး။ ကျောင်းဖွင့်နိုင်ဖို့တော်တော်ခက်နေတယ်။ သတင်းကြားရတာတော့ သူတို့က တရုတ်ကျောင်းအဖြစ် ပြောင်းဖွင့်ဖို့ ပြင်ဆင်နေတယ်လို့သတင်းထွက်နေတယ် သူတို့က လုံး၀မရွှေ့ပေးဘူး။ ရွာသားတွေရဲ့ ဆန္ဒက ကိုးကန့်တွေကို ကျောင်းကနေ ရွှေ့ပေးပါ။ အဲဒီကျောင်းကို NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ ပူးတွဲပြီး ကျောင်းဖွင့်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ် အခုသူတို့က လုံး၀မရွှေ့ပေးဘူး။ ဆေးရုံဆေးပေးခန်းနဲ့ စာသင်ကျောင်းကို သူတို့နေရာယူလိုက်တာ။ ဆေးရုံမှာက TNLA နဲ့ MNDAA နှစ်ဖွဲ့လုံးနေရာယူနေတယ်။လို့ ကွတ်ခိုင် ခိုမုန်းကျေးရွာဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။

 လက်ရှိ ကိုးကန့်တပ်တွေတပ်စွဲနေရာယူထားတဲ့ ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ NUG နဲ့ချိတ်ပြီး နမ့်ဖတ်ကာနဲ့ပူးတွဲပြီး စာသင်ကျောင်းဖွင့်ဖို့ရွာသားတွေ ပြင်ဆင်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ခိုမုန်းကျေးရွာ စာသင်ကျောင်းမှာ MNDAA တပ်ဖွဲ့နေရာယူလိုက်တဲ့အပြင် နောက်ထပ် TNLA တပ်နှစ်ဖွဲ့လုံးဟာ ခိုးမုန်းရွာရဲ့ဆေးရုံ၊ဆေးပေးခန်းမှာလည်း   ပူးပေါင်းတပ်ချနေရာယူထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါကြောင့် ကျေးရွာဒေသခံတွေက MNDAA နဲ့ TNLA တပ်တွေကို ဆေးပေးခန်းကနေနေရာဖယ်ပေးဖို့ အကြိမ်ကြိမ်သွားရောက်တောင်းဆိုပေမယ့် လုံး၀ဖယ်ပေးခြင်းမရှိဘူးလို့ ဆိုပါတယ်။

အလားတူ ခိုမုန်းကျေးရွာအပြင် ကွတ်ခိုင်၊ ကာလိုင်ကျေးရွာမှာလည်း KIO အစိုးရအောက်ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းမှာကျောင်းသား၊သူများ ကျောင်းနာမည်အပ်နှံနေချိန် မေလ ၂၉ ရက်နေ့မှာတော့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA တပ်က ကျောင်းတံခါး၀မှာ ပိတ်ဆို့လိုက်ပြီး ကျောင်းသားတွေကို ကျောင်းနာမည်ထည့်ခွင့် ပိတ်ပင်လိုက်တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တစ်ဆက်တည်းမှာဘဲ မူဆယ်နဲ့ မုံးကိုးမြို့ကြား ကြူကုတ်ပန်ဆိုင်းမြို့ထဲက ဖိုင်ကောင်းကျေးရွာဆိုတဲ့ ကချင်အများစုနေတဲ့ကျေးရွာက စာသင်ကျောင်းမှာ ကိုးကန့်  MNDAA လက်နက်ကိုင်တပ်ဖွဲ့က နေရာယူထားလိုက်တာကြောင့် ဒေသခံပြည်သူတွေ ကျောင်းဖွင့်နိုင်ဖို့အရေး အခက်အခဲ၊ အတားအဆီးတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆက်လက်သိရပါတယ်။

ကျမတို့ ကိုးကန့်ကိုပြောတယ် မနှစ်ကတည်းက ကျောင်းလည်းမပိတ်သေးဘူး ကျောင်းမှာမနေပေးပါနဲ့ ရွှေ့ပေးပါ စစ်တပ်နေတုန်းကလည်း ဒီလိုစာသင်ကျောင်းတွေမှာ မနေဘူး ဒါကြောင့် ဘယ်လက်နက်ကိုင်ကိုမှ ဒီလိုနေတာ ခွင့်မပြုဘူး မလိုလားဘူး အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ။ ဒါပေမဲ့သူတို့က နေဖို့နေရာမရှိလို့ ကြည့်ကြည့်အုံးမယ်ဆိုပြီး ဒီနေ့ထိ မရွှေ့ပေးဘူး။ ကျောင်းဆောင်တစ်ခုမှာ သူတို့နေနေဆဲဖြစ်တယ်။ အရင်အစိုးရနဲ့ဆိုင်တဲ့နေရာအားလုံးဟာ သူတို့ရဲ့နေရာဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ အဲလိုနေရာယူလိုက်တာပေါ့။  အခုတော့ ဘာမဆိုသူတို့ပိုင်ဆိုင်တဲ့အရာဆိုတော့ စိုးရိမ်နေရတဲ့အခြေအနေလည်းဖြစ်နေတယ်။” လို့ ပန်ဆိုင်းမြို့ ဖိုင်ကောင်းကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ဖိုင်ကောင်းကျေးရွာ စာသင်ကျောင်းမှာ ကိုးကန့်တပ်ဖွဲ့တပ်စွဲလိုက်တာကြောင့် ပြသနာအကြိမ်အကြိမ်ဖြစ်ပွားခဲ့ပြီဖြစ်တဲ့အပြင် မေလ ၂၇ ရက်နေ့မှာလည်း ထပ်မံပြီး ကျောင်းရှေ့မှာလွင့်ထူထားတဲ့ KIO ရဲ့ အမျိုးသားအလံကို ကိုးကန့်တပ်ဖွဲ့က ဖြုတ်သိမ်းပေးလိုက်ရာကနေ အငြင်းအခုံ ဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

အခုချိန် ကိုးကန့် MNDAA က ဒီစာသင်ကျောင်းမှာ ကျောင်းဆရာ၊ဆရာမ စာရင်း၊ ကျောင်းသားစာရင်းအားလုံး မုံးကိုး ကိုးကန့်ဌာနချူပ်ထံ တင်ပြခိုင်းထားတာတွေအပြင်  ဒေသခံရွာသားတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဖွင့်လှစ်ထားတဲ့ ကျောင်းကို နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးပိတ်ပင်ဖို့ ကြိုးစားတာတွေလည်း ပြုလုပ်နေတာဖြစ်ကြောင်း သိရပါတယ်။ 

ကျမတို့ဒေသမှာ ကျမတို့ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တယ်။ အခုလိုမျိုး စိတ်ကျဉ်းကြပ်အောင် လက်နက်ကိုင်အဖွဲ့တွေ အဘက်ဘက်ကဆိုတော့ ဒီလိုအဖွဲ့များတဲ့ကြားမှာ ကျမတို့ရွာသားတွေက ဘယ်သူ့စကားပဲနားထောင်ရမယ်လဲမသိ အရမ်းနေရခက်တယ်။ ဖြစ်နိုင်ရင် ရှင်းရှင်းလင်းလင်းပဲ နေချင်တယ်။ တရားမျှတမှုနဲ့ ကောင်းကောင်းမွန်မွန်ပဲ နေချင်ပါတယ်လို့ပြောချင်တယ်။” ဟု ဖိုင်းကောင်းကျေးရွာဒေသခံက ဆက်ပြောပါတယ်။

ခုလို ကိုးကန့် MNDAA နဲ့TNLA က စာသင်ကျောင်းတွေကို အတားအဆီးပိတ်ပင်မှုတွေလိုက်လံပြုလုပ်နေတဲ့ နေရာတွေကတော့ ကွတ်ခိုင်၊ မူဆယ်နဲ့ မုံးကိုး စတဲ့ဒေသတွင်းက ကချင်လူမျိုးစုအများပိုင်းနေထိုင်တဲ့ ကျေးရွာတွေက စာသင်ကျောင်းတွေကိုပဲဖြစ်ပါတယ်။  

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ကိုးကန့် MNDAA နဲ့ တအာင်းတပ်မတော် TNLA တို့ကိုမေးမြန်းနိုင်ဖို့  KNG အနေနဲ့ကြိုးစားနေဆဲဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button