သတင်း

ရမ်ပူရပ်ကွက်မှာ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီလောက်က ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ရမ်ပူရပ်ကွက် လမ်းသွယ်၂၁၊ ၂၃ မှာရှိတဲ့ ရွှေမင်းသမီးအမည်ရှိတဲ့ ရွှေဆိုင်ကို သေနတ်ကိုင်ထားတဲ့ လူငယ် ၃ ဦးက ဓားပြတိုက်သွားတာလို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ရမ်ပူဈေးမရောက်ခင်မှာလမ်းသွယ် ၂၁၂၃ လမ်းကြားမှာ ရွှေဆိုင်တစ်ဆိုင်ပေါ့ ဆိုင်ကတော့သေးသေးလေး ပဲ ဆိုင်ကယ် ၂စီး လူသုံးယောက်သေနတ်နဲ့လာပြီးဓားပြတိုက်သွားတယ်လို့ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်မှာ ရွှေဆိုင်က ဘယ်လိုပစ္စည်းတွေ၊ ငွေကြေးဘယ်လောက်တန်ဖိုးတွေ လုယက်ခံခဲ့ရလဲဆိုတာက တော့ KNG ကအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဖြစ်စဥ်ဖြစ်ပြီး ညနေပိုင်း ၃ နာရီဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတစ်ချို့လာရောက် စစ်ဆေးတာတွေလုပ်ခဲ့ပြီးတော့ ဒီဖြစ်စဥ်ဟာ မြစ်ကြီးနားမြို့မှာ ပထမဦးဆုံးရွှေဆိုင်ဓားပြတိုက်မှုဖြစ်တယ်လို့ မြစ်ကြီးနားမြို့က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ရဲတွေနဲ့ စစ်သားတွေကိုယ်တိုင်စစ်ဆေးနေတယ်လို့တော့သိရတယ်။ မြစ်ကြီးနားမှာ ပထမဦးဆုံးရွှေဆိုင် ဓားပြတိုက်မှုပဲ လို့ပြောပါတယ်။

ဒါ့အပြင် ဒီဖြစ်စဥ်ဖြစ်ပြီးတဲ့နောက် ရမ်ပူရပ်ကွက်နဲ့ကပ်လျှက်မှာရှိတဲ့ ခေမာသီရိရပ်ကွက်က အမှတ် ၂ ရဲစခန်းရှိတဲ့ လမ်းမကြီးကို ပိတ်ထားပြီး အဲ့ဒီလမ်းကို ဒီတစ်ညနေလုံးသွားလာလို့မရပဲ ပိတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်မြင့်တက်နေပြီးတော့ အာဏာသိမ်းပြီး ၃ နှစ်အတွင်းကို ကချင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝှမ်း ရွှေဆိုင်နဲ့ ဘဏ်တွေမှာ ဓားပြတိုက်မှုနဲ့ လုယက်မှုပေါင်း ၈၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ Data For Myanmar က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်စဥ်တွေကတော့ အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နှစ်ဆန်းပိုင်းက‌နေ ဒီနှစ် ဖေဖော်ဝါရီလ အထိ စာရင်းတွေဖြစ်ပြီးတော့ မန္တလေးမြို့နဲ့ ရန်ကုန်တို့မှာအဖြစ်အများဆုံးဖြစ်ပြီးတော့ ကချင်ပြည်နယ် ဖားကန့်ကတော့ တတိယအများဆုံးလုယက်မှုနဲ့ဓားပြတိုက်မှုတွေဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button