သတင်း

ပူတာအိုမှာ CB ဘဏ်ပိတ်ထားလို့ ငွေထုတ်၊ငွေသွင်းအခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်က တစ်ခုတည်းသော ပုဂ္ဂလိကဘဏ်ဖြစ်တဲ့  CB Bank ပိတ်ထားတာ‌ကြောင့် ဘဏ်ကိုအားထားနေရတဲ့ ငွေထုတ်၊ငွေသွင်းလုပ်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။

ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတာ ၂ လကျော်လာမြင့်လာပြီးနောက် မေလ လဆန်းပိုင်းလောက်ကနေစပြီး CB Bank ပိတ်ထားရာကနေ ဒီနေ့ထိပြန်ဖွင့်ပေးတာမရှိသေးဘူးလို့ ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ပိတ်ထားတာကြာပြီကော ရက်ပေါင်း ၂၀ တောင်မကတော့ဘူး ဘဏ်ထဲမှာပိုက်ဆံမရှိတော့လို့ပိတ်ထားတာတဲ့ ထုတ်လို့လည်းမရတော့ဘူး။ အဲ့မှာပိုက်ဆံထည့်ထားတဲ့လူတွေက အခုတော့ဒုက္ခရောက်နေကြပြီလေ ထုတ်လို့လည်းမရဆိုတော့ ငွေသွားသွင်းမယ်ဆိုလည်း ဘဏ်ကပိတ်ထားတာလို့ အထက်ဖော်ပြပါ လုံးစွတ်ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

ပူတာအို CB Bank မှာ ငွေလာသွင်းတဲ့သူတွေထက် ငွေလွဲထုတ်ချင်သူတွေနဲ့ အရင်ထည့်သွင်းထားတဲ့ငွေသားလာထုတ်တဲ့သူတွေက ပိုများနေတာကြောင့် ငွေသားမလုံလောက်လို့ ပိတ်ထားရတာဖြစ်ကြောင်း CB ဘဏ်ဘက်က ပြောလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒါကြောင့်  CB Bank ပိတ်ထားတာနဲ့ပတ်သက်ပြီး KNG သတင်းဌာနက ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

အခုလို CB Bank ပိတ်ထားတာကြောင့် ဒေသခံတွေဟာလက်ရှိ ပူတာအိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ကိုသွားနေရပေမယ့် အဆင်မပြေမှုတွေရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စီးပွားရေးဘဏ်တော့ရှိတာပေါ့ ဒါပေမယ့် CB ဘဏ်လောက် လွယ်လွယ်ကူကူထုတ်မရဘူး အချိန်ကြာကြီးစောင့်ရတာမျိုးတွေရှိတယ်။ ပြီးတော့ အများစုက CB ဘဏ်မှာပဲထည့်ထားကြတာလေး အဲ့တော့ထုတ်ချင်တဲ့လူတွေကထုတ်မရဘူး။ နောက်ပြီးတော့ စီးပွားရေးဘဏ်မှာကလည်း CB ဘဏ်မှာလို ငွေအမောက်များများစားစားထုတ်မရဘူးလေအဲ့တာတွေခက်နေတာလို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသမီးတစ်ဦးကဆက်ပြောပါတယ်။

CB Bank ဟာ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်ထဲမှာရှိတာဖြစ်ပြီး ပူတာအိုမြို့ပေါ်ထဲက တစ်ခုတည်းသော ပုဂ္ဂလိက ဘဏ်လည်းဖြစ်ပါတယ်။

ပူတာအို မြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားချိန် ၂ လကျော်ကြာမြင့်လာတာနဲ့အမျှပူတာအိုမြို့ပေါ်မှာ လက်ရှိိ စက်သုံးဆီပြတ်တောက်တာ၊ ဖုန်းလိုင်းတွေပြတ်တောက်တာ၊ ဆေးဝါးပြတ်လပ်မှုကြောင့်ဆေးဆိုင်တွေပိတ်ထားတာ ၊ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်လာတာနဲ့အမျှ အခုလိုဘဏ်လုပ်ငန်းတွေရပ်တန့်နေတာကြောင့် ဒေသခံတွေအဘက်ဘက်က ခက်ခဲလာနေတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button