သတင်း

ပူတာအိိုမှာ ဗလာစာအုပ်တစ်ဒါဇင် ကျပ် ၄၀၀၀၀ ကျော်အထိစျေးတက်

ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဗလာစာအုပ်တစ်ဒါဇင်ကျပ် ၄၀၀၀၀ ဝန်းကျင်အထိစျေးတက်နေကြောင်းသိရပါတယ်။

ပူတာအိုမြစ်ကြီးနား ကားလမ်းပိုင်းပိတ်ထားတဲ့အတွက် ပူတာအိုဒေသမှာ ၂၀၂၄ ၂၀၂၅ ပညာသင်နှစ် နှစ်စပိုင်းအတွက် ကျောင်းသုံးဗလာစာအုပ်အသစ်တွေမရောက်လာတာကြောင့် မနှစ်ကသိုလှောင်ထားတဲ့ လက်ကျန်ရောင်းချသူတွေဟာ တစ်ဒါဇင်ကို ကျပ် ၃၀၀၀၀ ကနေ ကျပ် ၄၅၀၀၀ အထိစျေးတင်ရောင်းချတယ်လို့ ပူတာအိုမြို့ကောင်ကထောင်ရပ်ကွက်နေ အသက် ၃၀ အမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။

စစချင်းတော့အဲ့လောက်မဟုတ်ဘူးတစ်ဒါဇင်ကို ၁၀၀၀၀ ၊၁၅၀၀၀ အဲ့လောက်ပဲရောင်းပေးတာ။  နောက်ပိုင်းတော့ဝယ်တဲ့လူက လမ်းပိတ်နေတယ်ဆိုတော့ကုန်သွားမှာကြောက်လို့အလုအယက်ဝယ်ကြတာ အခုတော့ တစ်ဒါဇင်ကို ၃သောင်းခွဲ လေးသောင်းခွဲအထိတက်သွားပြီတချို့ဆိုမဝယ်နိုင်ကြတော့ဘူးလေလို့ သူကပြောတယ်။

ပုံမှန်အားဖြင့်ပူတာအိုမြို့မှာ ဗလာစာအုပ်တစ်ဒါဇင်ကိုအမြင့်ဆုံးစျေးကျပ် ၇၀၀၀ သာရှိ‌ ပေမယ့် ဒီနှစ်မှာ‌တော့ ဗလာစာအုပ်အချောတစ်ဒါဇင်ကျပ် ၄၅၀၀၀၊ အကြမ်းတစ်ဒါဇင် ကျပ် ၃၀၀၀၀ ကနေ ကျပ် ၃၅၀၀၀ အထိစျေးတင်ရောင်းနေတယ်လို့သိရပါတယ်။

ပူတာအိုမှာအခုလို ဗလာစာအုပ်စျေးတွေအဆမတန်မြင့်တင်ပြီးရောင်းချနေတာကြောင့် ကျောင်းသားမိဘတစ်ချို့ ကလေးတွေကိုကျောင်းထားဖို့အခက်အခဲ ဖြစ်နေတဲ့အခြေအနေမှာရှိနေတယ်လို့ ပူတာအိုမြို့ခံ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးကပြောပါတယ်။

ဘယ်နေ့ကစတက်လဲဆိုတော့ မေလ ၂၅ရက်နေ့ နောက်ပိုင်းတခါတည်းတက်သွားတာ။ ဒီနေ့ ၂သောင်းနဲ့ရရင်နောက်နေ့ ၂သောင်းခွဲ နောက်တနေ့ဆို ၃သောင်းလေးသောင်းခွဲအထိဖြစ်သွားတာ။တချို့မိဘတွေကသနားဖို့ကောင်းတယ် ဗလာစာအုပ်သွားဝယ်ဖို့သွားတာ ပိုက်ဆံမလောက်လို့မဝယ်ပဲပြန်ခေါက်လာကြတဲ့မိဘတွေရှိတယ် တချို့ကကျောင်းတော့အပ်ထားတယ် စာအုပ်မဝယ်နိုင်လို့သေးလို့ ကျောင်းမသွားရသေးတဲ့ကလေးတွေရှိတယ်လို့သူကပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ လက်ရှိပူတာအိုမြို့ပေါ်မှာ ဗလာစာအုပ်တွေ ဆိုင်တိုင်းလိုလိုမှာ လိုသလောက်ဝယ်ယူလို့ရသေးပေမယ့် ကားလမ်းပိတ်ထားတာကိုအကြောင်းပြပြီး ကာလမ်းမပိတ်ခင် သယ်ယူထားတဲ့စာအုပ်တွေကို စျေးတင်ရောင်းနေကြတာလို့သိရပါတယ်။

ပူတာအိုမြို့ပေါ်က အခြေခံအထက် တန်းကျောင်း၊အလယ်တန်းကျောင်းနှင့်မူလတန်းကျောင်းတွေအပါအဝင်မြို့နယ်ထဲက အခြေခံပညာကျောင်းတွေအတော်များများ ဒီကနေ့ ဇွန်လ ၃ရက်နေ့ကနေစပြီး ကျောင်းဖွင့်နေပြီလို့သိရပါတယ်။

မြစ်ကြီးနားပူတာအိုကားလမ်းပိုင်းပိတ်ထားတာကြောင့် လက်ရှိပူတာအိုဒေသမှာ ပညာရေးနဲ့ပတ်သက်ပြီးအခက်အခဲတွေဖြစ်နေသလို စက်သုံးဆီပြတ်လပ်ပြီးစျေးအဆမတန်မြင့်တက်တာ၊ အခြေခံစားသောက်ကုန်တွေစျေးကြီးတာအချို့စားသောက်ကုန်တွေပြတ်တောက်နေတဲ့အပြင် ဖုန်းဆက်သွယ်ရေးလှိုင်းတွေပါ ပြတ်တောက် နေတဲ့အတွက်ဒေသခံတွေအဘက်ဘက်က ခက်ခဲ ကြပ်တည်းလာနေတယ်လို့ သိရပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကို မေလ ၈ရက်နေ့ကတည်းကပိတ်ထားခဲ့တာဖြစ်ပြီး ဒီကနေ့အထိစစ်ရေးတင်းမာနေတာကြောင့်ကားလမ်းပိုင်းမဖွင့်နိုင်သေးတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button