သတင်း

နန်းယွန်းမှာ မိုးသက်လေပြင်းကြောင့် လမ်းတံတား ကျိုးကျပျက်စီးပြီး ဆက်သွယ်ရေးလိုင်းပြတ်တောက်နေ

ကချင်ပြည်နယ်အနောက်ဘက်၊ စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ်မှာ မိုးသက်လေပြင်းကျရောက်ခဲ့တာကြောင့် လမ်းပမ်းဆက်သွယ်ရေးနှင့် ဖုန်းဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀ ရက်လောက်ကနေ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံဖြစ်ခဲ့သလို မေလ ၂၈ ရက်နေ့မှာ မိုးသက်လေပြင်းတိုက်ခိုက်ခဲ့တာကြောင့် နန်းယွန်းမြို့လယ်က ကြိုးတံတားတစ်စင်း နဲ့ ရှင်ဗွေယန်မြို့ကားလမ်းပိုင်း ပျက်စီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆိုးတာက အဲ့ ၉ မိုင်နဲ့ နန်းယွန်းကြားမှာ လမ်းတွေပြိုကျသွားတာ တောင်ပြိုပြီးကားလမ်းတွေ ဖုံးသွားတယ်ဗျ။ ပြီးတော့ ဆိုင်ကယ် ကယ်ရီသမားတွေ အသုံးပြုနေတဲ့ မြို့ဟောင်းကြိုးတံတားကြီးကလည်းပါသွားတယ် ဒါကြောင့် သွားလို့လာလို့ခက်သွားတယ် လို့ နန်းယွန်းဒေသခံ လူငယ်တစ်ဦးက KNG ကို ပြောပါတယ်။

နန်းယွန်းမြို့လယ်က ပျက်စီးသွားတဲ့ ကြိုးတံတားတစ်စင်းဟာ ယုဝနဲ့ ရောကော့ ရပ်ကွက် ၂ ခုကို ဆက်သွယ်ထားတဲ့ ကြိုးတံတား ဖြစ်ပြီး မြို့ဟောင်းကြိုးတံတား(ဒေသအခေါ်)ဟာ နန်းယွန်းနဲ့ ရှင်ဗွေယန်ကြား ၅ မိုင်ခန့်အကွာမှာ ရှိတယ်လို့ သိရပါတယ်။

ရေထဲမျောပါ ပျက်စီးသွားတဲ့ ကြိုးတံတားတွေဟာ ကုန်သွယ်ရေးအတွက် ဆိုင်ကယ် ကယ်ရီသမားတွေအတွက် အဓိက အသုံးပြုတဲ့ လမ်းတံတားတွေဖြစ်တာကြောင့် လက်ရှိ သွားလာရေးတွေခက်ခဲနေပြီး နန်းယွန်းမြို့ထဲမှာ ကုန်စျေးနှုန်းတွေ အဆမတန် စျေးနှုန်းမြင့်တက်နေတယ်လို့ ဆက်ပြောပါတယ်။

မိုးတွင်းဆို ကားက သိပ်မလာကြဘူးလေ။ လမ်းခက်လို့ ဆိုင်ကယ်ကယ်ရီသမားတွေပဲ လာကြတာများတယ်။ ကုန်တွေလည်း ကယ်ရီသမားတွေပဲ ပေးကြတာ အခုအဲ့တံတားလည်းပါသွားတော့ ကုန်ပစ္စည်းတွေ စျေးတက်နိုင်တယ်” လို့ ပြောပါတယ်။

အခုလို လမ်းပိုင်းပြတ်တောက်မှုတွေကြောင့် နန်းယွန်းမြို့နယ်ထဲမှာရှိတဲ့ စက်သုံးဆီနဲ့ ဆန်စျေးနှုန်းတွေ စတင်မြင့်တက်နေပြီး ဓာတ်ဆီတစ်ဂါလံ ကျပ်နှစ်သောင်းခွဲ၊ ဆန်တစ်အိတ်ကို ကျပ် နှစ်သိန်းအထိရှိနေတယ်လို့ သိရပါတယ်။

မိုးသက်လေပြင်း ကျရောက်မှုကြောင့် ရှင်ဗွေယန်နဲ့ နန်းယွန်းကြားက MPT တာဝါတိုင်တစ်တိုင်လည်း မြေပြိုကျတဲ့ထဲမှာ ပါသွားပြီး မေလ ၂၈ ရက်နေ့ နောက်ပိုင်းကနေ ဖုန်းဆက်သွယ်ရေးလိုင်တွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးတိုင်တွေလည်း ထိခိုက်ပျက်စီးသွားတဲ့အတွက် နန်းယွန်းမြို့ပေါ်မှာ လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ သိရပါတယ်။

နန်းယွန်းမြို့ဟာ အိန္ဒိယမြန်မာနယ်စပ်အနီး လီဒိုကားလမ်းမပေါ်မှာရှိတဲ့ မြို့တစ်ခုဖြစ်ပြီး နာဂကိုယ်အုပ်ချုပ်ခွင့်ရ ဒေသထဲက မြို့တစ်မြို့လည်း ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button