သတင်း

မန်တုံမြို့နယ် မိုင်းမော် (နမ်ဟိုင်း) အနီးရှိ သတ္တုတွင်းတဝိုက်  KIA နဲ့ TNLA တပ်တို့အကြား နှစ်ဖက် တင်းမာနေ

ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(နမ်ဟိုင်း) အနီးရှိ သတ္တုတွင်းတဝိုက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား နှစ်ဖက်အခြေအနေ တင်းမာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

KIO ထိန်းချူပ်နယ်မြေ၊ မိုင်းမော် (Mungmaw) (ခေါ်) နမ်ဟိုင်း နဲ့ မိုင်းဝီး (Mungwi) ကြား ဘော်ဟိုကျန့်  (Magwi baw bum) က သတ္တုတွင်းမှာ TNLA က သတ္တုထုတ်ယူတာတွေ အပြင်းအထန် ပြုလုပ်လာတာကြောင့် KIA ဘက်က သွားရောက်ပိတ်ပင်ရာ TNLA က စစ်အင်အားဖြည့်တင်းလာတဲ့အတွက် နှစ်ဖက် တင်းမာနေတာလို့  မိုင်းမော် (Mungmaw) ဒေသ KIO အရာရှိတစ်ဦးက Kachin News Group (KNG) သတင်းဌာနကို ပြောပါတယ်။

သူတို့က Magwibum (မဂွေတောင်)က သတ္တုထုတ်ယူချင်တာ။ ကျနော်တို့က တားမြစ်တော့ TNLA ဘက်က စစ်အင်အားတွေ အလုံးအရင်းဖြည့်လာတယ်။ ဆွေးနွေးအုံးမယ်ခဏနေအုံး ပြောနေတုန်း တန်းလန်း သူတို့ကနားမထောင်ပဲ အတင်းထုတ်ယူလာတော့ အခြေအနေတင်းမာလာကြတာဖြစ်တယ်” လို့ မိုင်းမော်(Mungmaw) (ခေါ် ) နမ်ဟိုင်းဒေသ KIO အုပ်ချူပ်ရေးမှူးတစ်ဦးက ပြောပါတယ်။ 

မိုင်းမော်နဲ့ မိုင်းဝီးကြားက သတ္တုတွင်းမှာ TNLA နဲ့ KIA ကြား ပြဿနာ စတင်ဖြစ်ပွားလာတာဟာ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့လောက်ကတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။

TNLA တပ်တွေဟာ KIA ပိတ်ထားတဲ့ ဂိတ်တွေကို ရိုက်နှက်ချိုးဖျက်လိုက်ပြီး KIO/KIA ထိန်းချူပ်ထားတဲ့ မိုင်းမော်မိုင်းဝီးဘက်ကို TNLA စစ်အင်အားရာချီ ဖြည့်တင်းထားတာကြောင့် အခြေအနေ ပိုတင်းမာနေတာလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA တပ်က မေလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ရာမှာ မိုင်းယော်ဒေသ ဘော်ဟိုကျန့်သတ္တုတွင်း လုပ်ငန်းတွေကို ဆက်မလုပ်ဖို့ KIA နှောက်ယှက်ပိတ်ဆို့နေတဲ့အကြောင်းပါရှိသလို  မဟာမိတ်တပ်ဖွဲ့အချို့ကြောင့် နှစ်ဖက်ပြဿနာ ကြီးထွားလာမှုကို ကြားဝင်ဖြေရှင်းပေးဖို့ FPNCC ကို တောင်းဆိုထားပါတယ်။

ဒါကြောင့် တအာင်းပြောရေးဆိုခွင့်ဌာနကို Kachin News Group (KNG) ကနေလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ်နေပေမယ့် ဒီကနေ့ထိ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။ 

ကချင်လွတ်လပ်ရေးတပ်မတော် KIO ဘက်ကတော့ ဒိကိစ္စဟာ အထက်အရာရှိတွေအချင်းချင်း ညှိနှိုင်းဆွေးနွေးနေတဲ့အခြေအနေ ဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

လက်ရှိ ပြဿနာဖြစ်နေတဲ့ သတ္တုတွင်းနေရာဟာ မိုင်းမော် (Mungmaw) ကနေ ဆိုင်ကယ်နဲ့ ၁ နာရီလောက်သွားရတဲ့နေရာမှာ တည်ရှိတယ်လို့ သိရပြီး အရင်ကတည်းက KIA တပ်မဟာ ၄ မှ တိုက်ရိုက်လုပ်ကိုင်နေတဲ့ နေရာဖြစ်ပေမယ့် လက်ရှိမှာတော့ TNLA နဲ့ အောက်ခြေမှာတင်းမာနေတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေက ဒီလိုလက်နက်ကိုင်အချင်းချင်းကြား ပြဿနာတွေဖြစ်လာတိုင်း ပလောင်ဖြစ်ဖြစ်၊ကချင်ဖြစ်ဖြစ် အားလုံးက စိုးရိမ်ကြတယ်။ ဒါပေမဲ့ ပြဿနာကြီးကြီးမားမားမဖြစ်ဖို့ ကျနော်တို့ KIO/KIA ဘက်က အမြဲသတိထားနေတာ ဖြစ်တယ်။ TNLA ဘက်က ဂရုမစိုက် သတိမထားရင်တောင် ကျနော်တို့က ကျနော်တို့ အချင်းချင်း ပြဿမဖြစ်ဖို့ အမြဲသတိထားနေတာဖြစ်တယ်လို့ မိုင်းမော် (Mungmaw) ခေါ် နမ်ဟိုင်းဒေသ KIO အုပ်ချူပ်ရေးအရာရှိက ပြောပါတယ်။

မန်တုံမြို့နယ် မိုင်းမော်(နမ်ဟိုင်း) ဒေသဟာ KIA တပ်မဟာ ၄ တပ်ရင်း ၈ နယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ မိုင်းမော်(နမ်ဟိုင်း)ရှိ စစ်ကောင်စီတပ်စခန်းကို KIA ဘက်ကအပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ကာ အဲဒီဒေသကို ထိန်းချူပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ နမ္မတူမြို့နဲ့ မန်တုံမြို့ကို  TNLA ဝင်သိမ်းလိုက်ကတည်းက ကမ္ဘာကျော် ဘော်တွင်းသတ္တုတွင်းနဲ့ သတ္တုများထုတ်ယူနေတဲ့ အဒီဒေသတစ်ဝိုက်ရှိ  KIA/PDF တပ်ဖွဲ့တွေကို TNLA ဘက်က မောင်းထုတ်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လတွေကပဲ TNLA ဘက်က နမ္မတူဘော်တွင်းသတ္တုတွင်းအနီးရှိ KIA ဂိတ်တွေကို ရိုက်ချိုးဖြုတ်သိမ်းကာ  မောင်းထုတ်ခဲ့တဲ့ ပြဿနာတွေ ဖြစ်ပွားခဲ့ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button