သတင်း

ခတ်ချို-စန်းကားလမ်းပိတ်ထားလို့ ငှက်ပျောကားများ ရွာပတ်လမ်းကိုအသုံးပြုနေတဲ့အတွက် တံတားတွေ ပျက်စီးမှာဒေသခံတွေစိုးရိမ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ဒေသခံတွေအဓိကအသုံးပြုတဲ့ ခတ်ချို-စန်းကား ကားလမ်းမပိတ်ထားလို့ ငှက်ပျောကားတွေဟာ ရွာနောက်ဖေးလမ်းကြားတွေကိုအသုံးပြုနေတာကြောင့် အဲ့ဒီလမ်းတွေမှာရှိတဲ့ တံတားငယ်တွေပျက်စီးမှာကိုဒေသခံတွေစိုးရိမ်နေကြတယ်လို့ သိရပါတယ်။


ပုံမှန်ဆိုရင် ငှက်ပျောသီးတွေကို  ၁၂ ဘီးတွဲကားကြီးတွေနဲ့သယ်ယူတာဖြစ်ပေမယ့် လက်ရှိလမ်းပိတ်ထားတဲ့အခြေနေတွေကြောင့် တုံဖုန်းကား(လေးဘီးကား) တွေနဲ့တင်ကာ ရွာနောက်ဖေးလမ်းကနေ သွားလာနေကြတယ်လို့ ဒေသခံတွေကဆိုပါတယ်။

အခုလောလောဆယ်က ခတ်ချိုဘက်ကလမ်းကပိတ်ထားတယ်။ အခုက တော်တော်များများက ဒီမုတ်လွဲ လမ်း ဒီလမ်းသေးသေးလေးကိုပဲဝိုင်းသုံးကြတယ်ဆိုတော့ ငှက်ပျောကားတွေဘာညာက ဒီလောက်များတာ တွဲကားကြီးတွေနဲ့တင်တာတော့မဟုတ်တော့ဘူးပေါ့ တုံဖုန်းကားနဲ့ပေါ့ ဒါပေမဲ့ အစီးရေကအများကြီးပဲဆို တော့ ဒီပုံစံနဲ့ဆိုတံတားပါကျိုးပျက်သွားနိုင်တဲ့အခြေနေပေါ့လို့ဒေသခံတစ်ယောက်ကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ နဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲဖြစ်ပြီး နှစ်ရက်အကြာမှာ ခတ်ချို-စန်းကားလမ်းကနေ ကားတွေသွားလာခွင့်ကိုစစ်ကောင်စီတပ်ကအသုံးပြုခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလမ်းမကြီးကိုပိတ်လိုက်တဲ့နောက် ခတ်ချိုရပ်ကွက်နဲ့အနီးတစ်ဝှိုက်မှာ တိမ်းရှောင်နေကြတဲ့အရပ်သားတွေအတွက် လိုအပ်တဲ့စားနပ်ရိက္ခာတွေကိုလည်း ရွာလမ်းကြားတွေကိုသာအသုံးပြုနေရသလို တန်ချိန်လေးလံတဲ့ ငှက်ပျောကားတွေကပါ ဒီလမ်းကြားတွေကိုအသုံးပြုလာတဲ့အတွက်ဒေသခံတွေစိုးရိမ်နေကြ တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီရွာလမ်းကြားကိုအသုံးပြုရင်လည်း လမ်းပိုင်းမှာရှိတဲ့ တံတားတွေရဲ့ခံနိုင်ဝန်လောက်ကိုပဲ ကုန်တွေသယ်ပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။

ဒီသူတို့သုံးနေတဲ့ မုတ်လွဲလမ်းဆိုရင်လည်း တံတားနှစ်ခုရှိတယ်။ မုတ်လွဲတံတားနဲ့ သံတံတား အခုကလည်း ပြောရမယ်ဆိုရင် တံတားရဲ့ တန်ခံနိုင်ဝန်ကိုချင့်ချိန်ပြီးတော့ ဒီငှက်ပျောတင်ကားတို့ ဆန်တင်ကားတို့ ဘာပဲဖြစ်ဖြစ်ပေါ့ ဝိတ်အရမ်းလေးရင်လျော့တင်ပေးဖို့ မေတ္တာရပ်ခံ ချင်ပါတယ်။ ဒီတံတားတွေသာ ကျိုးသွားရင် တစ်မြို့လုံးဒုက္ခရောက်မှာ ဒီလိုအခြေနေမျိုးမှာ ပြန်ပြင်ဖို့လည်း မလွယ်ဘူး တာဝန်ယူမယ့် သူလည်းမရှိဘူး “လို့ဒေသခံတစ်ဦး ကပြောပါတယ်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ စစ်ဆင်ရေးတွေစတင်ခဲ့တဲ့ KIA နဲ့ပူပေါင်းအဖွဲ့တွေရဲ့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေဟာ ဒီနေ့အထိအရှိန်မြင့်နေဆဲဖြစ်ပြီး အဲ့ဒီလိုတိုက်ပွဲအရှိန်တွေပြင်းထန် လာတာနဲ့အတူ ဒေသခံအရပ်သားတွေကလည်း အဘက်ဘက်ကနေ ဒုက္ခတွေကြုံတွေ့လာရတာဖြစ်ပါ တယ်။

လက်ရှိမှာတော့ ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၂၀ လောက်အပါအဝင် ဧရာဝတီမြစ်အရှေ့ခြမ်း ဗန်းမော်၊ မံစီ၊ မိုးမောက် စတဲ့မြို့ကြီးတွေမှာရှိတဲ့ အရပ်သားတွေသောင်းနဲ့ချီဘေးလွှတ်ရာတွေမှာထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button