KIA သိမ်းပိုက်ထားတဲ့ လွယ်ဂျယ်မြို့ မူးယစ်ဆေးဝါးကင်းစင်ဖို့နဲ့မြို့လုံခြုံရေးအထူးကြပ်မတ်နေပြီလို့ဆို
နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအောက်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ လွယ်ဂျယ်ပြည်သူတွေ ပထမဆုံးအကြိမ်လူထုတွေ့ဆုံပွဲကို ၃ ရက်သာကျင်းပခဲ့ကြတယ်လို့ လွယ်ဂျယ်ပြည်သူတွေကပြောပါတယ်။
KIO က အသစ်ဖွဲ့စည်းထားတဲ့ လွယ်ဂျယ်မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဇွန်လ ၃ ရက်ကနေ ၅ ရက်နေ့အထိ လွယ်ဂျယ်မြို့ ရပ်ကွက်တစ်ခုချင်းစီမှာရှိတဲ့ လူထုတွေနဲ့တွေ့ဆုံပြီး လွယ်ဂျယ်မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်ပြောဆိုဆွေးနွေးခဲ့တဲ့အပြင် လက်ရှိမြို့တစ်မြို့လုံးရဲ့ လုံခြုံရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊မြို့သန့်ရှင်းရေးတွေ အဓိကလုပ်ဆောင်ပေးနေပြီလို့ လွယ်ဂျယ်မြို့မှာနေထိုင်တဲ့ ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုခုလိုပြောပါတယ်။
“အရင်စစ်တပ်လက်အောက်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို တစ်ယောက်မှ အသုံးမပြုတော့ဘူး အကုန်ပြောင်းလိုက်ပြီ။ အခု KIO က အသစ်ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးကိုယ်တိုင်က တာဝန်ပေးထားတဲ့ ရပ်ကွက်တာဝန်ခံတွေနဲ့အတူ ပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လိုက်လုပ်နေတယ်။ အဓိကတော့ မြို့တစ်ခုလုံးရဲ့ လုံခြုံရေးနဲ့ မူယစ်ဆေးဝါးတိုက်ဖျက်ရေး၊ မြို့သန့်ရှင်းရေးတွေလုပ်ပေးနေတယ်”လို့ပြောပါတယ်။
လက်ရှိ KIO အစိုးရက အသစ်ခန့်အပ်ထားပေးတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဟာ မြို့တစ်ခုလုံးအတွက် လုံခြုံရေး၊ မြို့သန့်ရှင်းရေး၊ ဒေသအတွင်း မူးယစ်ဆေးဝါးကင်းစင်မှုကို အဓိက အချက် ၃ ချက်နဲ့ ကြပ်မတ်လုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။
လွယ်ဂျယ်မြို့ဟာ နယ်စပ်ကုန်သွယ်ရေးမြို့တစ်ခုဖြစ်တာကြောင့် မြို့တစ်ခုလုံးနီးပါ နှစ်ဆယ်ချီ စွန့်ပစ်ထားကြတဲ့အမှိုက်ထူထပ်တဲ့မြို့တစ်ခုဖြစ်ပြီးတော့ KIA က သိမ်းပိုက်ထားတဲ့ ၂ လအတွင်းမှာ မြို့တွင်းရှင်းလင်းရေးလုပ်ဆောင်လိုက်ပြီးနောက် လက်ရှိမြို့တစ်ခုလုံး အမှိုက်ကင်းစင်သွားပြီဖြစ်တယ်လို့ဒေသခံတွေပြောပါတယ်။
ဒါ့အပြင် လွယ်ဂျယ်မြို့တစ်ခုလုံး မူးယစ်ဆေးဝါးကင်းစင်ဖို့နဲ့ လုံခြုံရေးအတွက် မြို့တစ်ခုလုံးကိုလည်း ခေတ်မှီနည်းပညာ CCTV တွေအသုံးပြုပြီး လုံခြုံရေးအတွက်ကိုလည်း စနစ်တကျလုပ်ဆောင်သွားဖို့ရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင် လူထုတွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲငြိမ်သက်သွားတဲ့ နှစ်လဝန်းကျင်တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ လွယ်ဂျယ်ဒေသခံ ပြည်သူတွေအားလုံးလည်း နဂိုမူလအတိုင်း နေရပ်ပြန်နေထိုင်ကြပြီဖြစ်ပြီး မြို့တွင်းစျေးဖွင့်လှစ်တာတွေ၊ အုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးအသီးသီးလည်း ပုံမှန်လည်ပတ်နေပြီဖြစ်ပါတယ်။
ဒါပေမယ့် နယ်မြေမတည်ငြိမ်မှုတွေဖြစ်နေသေးတာကြောင့် သွားလာရေးကိုတော့ကန့်သတ်ထားတာတွေရှိနေပြီး ကုန်သွယ်ရေးလုပ်ငန်းနဂိုမူလအတိုင်း ပြန်ပြီးလည်ပတ်ဖို့ရန်အတွက် ခက်ခဲနေသေးတယ်လို့ လွယ်ဂျယ်ဒေသခံအမျိုးသားက ဆက်ပြောပါတယ်။
“အခက်အခဲလို့ပြောရရင် ရောင်းဝယ်ရေးလုပ်ငန်းတွေ အရင်ကလိုပြန်ပြီးလည်ပတ်ဖို့ကတော့ လိုနေသေးတယ်။ ဘာလို့လဲဆိုတော့ ဗန်းမော်ဘက်ကို ဆက်သွယ်တဲ့ လမ်းတွေ အရင်ကလိုသွားလာခွင့်မရတော့ဘူး။ မြစ်ကြီးနားကို ဆက်သွယ်တဲ့ကားတွေလည်း ခက်သွားတယ်။ ဒါကြောင့် ရောင်းဝယ်ရေးနဲ့ အဓိက စီးပွားရေးလုပ်နေကြတဲ့ သူတွေအတွက်တော့ တော်တော်လည်းခက်နေသေးတယ်”လို့ပြောပါတယ်။
လွယ်ဂျယ်မြို့ဟာ ကချင်ပြည်နယ်ရဲ့ အဓိကကျတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။ ဒါကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းတွေ အရင်ကလို ပြန်လည်ကောင်းမွန်လာဖို့ရန်အတွက် လက်ရှိခန့်အပ်ထားတဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့စွမ်းဆောင်မှုပေါ်မူတည်ပြီးတော့ ပြန်ပြီးလည်ပတ်လာနိုင်တယ်လို့ လွယ်ဂျယ်ဒေသခံတွေက သုံးသပ်နေကြပါတယ်။
KIO က အသစ်ခန့်အပ်ထားတဲ့ လွယ်ဂျယ်မြို့ အုပ်ချုပ်ရေးတာဝန်ခံဟာ အသက် ၃၂ နှစ်အရွယ်ရှိတဲ့ ဦးဆွတ်ဂျတ်အောင်ဆိုသူဖြစ်ပြီးတော့ ပြီးခဲ့တဲ့ မေလအတွင်းမှာပဲ လက်ရှိအရေးပေါ်ကာလအတွင်း ယာယီအုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်ဖို့ ခန့်အပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
လွယ်ဂျယ်မြို့ထဲမှာ ရပ်ကွက် ၇ ခုလောက်ရှိပြီး ဦးဆွတ်ဂျတ်အောင်က လွယ်ဂျယ်မြို့တစ်မြို့လုံးရဲ့ ယာယီမြို့နယ်အုပ်ချုပ်ရေးတာဝန်ခံဖြစ်ပြီး ရပ်ကွက်အသီးသီးမှာလည်း အုပ်ချုပ်ရေးမှူးတွေ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းထားပြီလို့လည်းသိရပါတယ်။
လွယ်ဂျယ်မြို့ကို KIA သိမ်းပိုက်လိုက်တဲ့နောက် အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စည်ပင်သာယာရေး လုပ်ငန်းတွေ ပြန်ပြီးလည်ပတ်ဖို့ မြို့နယ်အုပ်ချုပ်ရေးတာဝန်ခံတွေခန့်အပ်ပြီး စတင်လုပ်ဆောင်လာတဲ့ နှစ်လအတွင်းမှာ မြို့တွင်းပြောင်းလဲမှုတွေ အများကြီးမြင်တွေ့လာရတယ်လို့ လွယ်ဂျယ်မြို့ဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက အခုလို ပြောဆိုထားပါတယ်။
“KIO အုပ်ချုပ်တဲ့နောက်ပိုင်းမှာ လူမှုဝန်ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ စျေး၊ အမှိုက်ကိစ္စတွေ အရင်လုပ်ဆောင်တာကိုတွေ့ရတယ်။ အမှိုက်ကိစ္စလို့ပြောတဲ့အထဲမှာ တစ်မြို့လုံးအတိုင်းအတာနဲ့ လုပ်သွားတာ။ ပြီးရင်အခုတလော ပြည်သူလူထုတွေနဲ့ တွေ့ဆုံမှုမှာလည်း လွယ်ဂျယ်မြို့က နယ်စပ်ကုန်သွယ်စီးဆင်းရေးမြို့ဖြစ်တာကြောင့် တစ်မြို့လုံးကို ဘေးကင်းလုံခြုံဖို့ နည်းပညာတွေနဲ့ လုပ်ဖို့ စီစဉ်နေတယ်။ ပြီးရင် မူးယစ်ဆေးဝါးကင်းစင်ဖို့လည်းကြိုးစားလုပ်ဆောင်နေတာတွေ့ရတယ်”လို့ပြောပါတယ်။
လွယ်ဂျယ်မြို့မှာ အုပ်ချုပ်ရေးစနစ်တွေတိုးမြင့်ပြီး လုံခြုံရေး၊ စည်ပင်သာယာရေးလုပ်ငန်းတွေ အရင်ကထက် ပြောင်းလဲမှုတွေမြင်တွေ့ရပြီး လက်ရှိမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ဖို့ရန်အတွက်လည်း KIO အစိုးရအနေနဲ့ လုပ်ဆောင်ပေးဖို့ ပြည်သူတွေကတောင်းဆိုထားပါတယ်။
KIO အစိုးရဘက် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတရားဝင် တံခါးပေါက်ဝကို ဧပြီလ ၁၁ ရက်နေ့မှာ ဖွင့်ပေးလိုက်ပြီဖြစ်ပေမယ့် ကုန်ကားတွေကိုသာ သွာလာခွင့်ရရှိသေးတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ လွယ်ဂျယ်မြို့တွင်းတပ် ခလရ ၁၄၂ တပ်ရင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက တရုတ်နိုင်ငံဘက်ကိုထွက်ပြေးသွားကြပြီးနောက် မတ်လ ၉ ရက်နေ့မှာ မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။
လွယ်မြို့ကို မသိမ်းမှီ KIA ပူးပေါင်းတပ်တွေက လွယ်ဂျယ်မြို့ပတ်ပတ်လည် ဝိုင်းရံထားတဲ့ စစ်ကောင်စီတပ်စခန်း ၅ ခုလောက်ကို KIA သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)