သတင်း

စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကိုစောင့်ကြည့်နေတယ်လို့ တအာင်းတပ်မတော် TNLA ပြော

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့နယ်က တအာင်းတပ်မတော် TNLA ရဲ့တပ်စခန်းကို စစ်ကောင်စီတပ်က မနေ့က ဇွန်လ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီလောက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ TNLA တပ်သား ၃ ယောက်ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ TNLA ဘက်ကသတင်းထုတ်ပြန်ပါတယ်။

ဒီအခြေနေမှာ စစ်ကောင်စီတပ်ဘက်က တအာင်းတပ်မတော် TNLA ရဲ့တပ်စခန်းရှိတဲ့နေရာတွေကို လေကြောင်းရော မြေပြင်ကနေပါတိုက်ခိုက်မှုတွေကြောင့် TNLA ရဲ့တပ်သားတစ်ချို့ထိခိုက်ဒဏ်ရာရရှိတာ တွေပါရှိလာပြီး ဒီအခြေနေပေါ် တအာင်းတပ်မတော် TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက အခုလို ပြောပါတယ်။

မိုးမိတ်မှာ ကျမတို့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်တာလည်းမရှိဘူး ဘာရည်ရွယ်ချက်နဲ့ လာကြဲ တာလည်းကျမတို့မသိဘူး လက်ရှိကတော့ ကျမတို့က စစ်ကောင်စီရဲ့လုပ်ရှားမှုကိုစောင့်ကြည့် နေတယ်။ သူတို့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတဲ့ကာလပဲဖြစ်တယ်လို့ပြောပါတယ်။

မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားမှာရှိတဲ့ တအာင်းတပ်မတော် TNLA ရဲ့တပ်စခန်းကို စစ်ကောင်စီက ပထမတစ်ကြိမ် လေကြောင်းကနေပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒုတိယတစ်ကြိမ်မှာတော့ ဂျက်ဖိုက်တာအသုံးပြုပြီး ပေါင် ၅၀၀ ဗုံးပါကြဲချခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မနေ့ကတိုက်ခိုက်ခံရပြီးတဲ့နောက်မှာ ကျမတို့တပ်သား ၃ ဦးကတော့ ပြင်းထန်စွာဒဏ်ရာရသွားပါတယ် ကျန်တဲ့လူထုတွေကတော့ ထိခိုက်ဒဏ်ရာရတာတော့မတွေ့သေးပါဘူး

လို့ မနေ့ကလေကြောင်းတိုက်ခိုက်ခံရမှုအခြေနေကို တအာင်းတပ်မတော် TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကအတည်ပြုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းက မိုးမိတ်မြို့နယ်ထဲမှာရှိတဲ့ တအာင်းတပ် မတော် TNLA ရဲ့ တပ်စခန်းတည်ရှိရာနေရာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဆိုထားပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ကောင်စီရဲ့တပ်စခန်းတွေနဲ့မြို့တွေကို ဆက်တိုက်သိမ်းယူခဲ့ကြ တဲ့ တအာင်းတပ်မတော်TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဟာ စစ်ကောင်စီတပ်နဲ့ တရုတ်ကြားဝင် စေ့စပ်မှုကြောင့် ဟိုင်ဂင်စာချုပ်အရ အပစ်ရပ်ခဲ့တာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကတည်းကဖြစ်ပါ တယ်။

မိုးမိတ်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်ကတည်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေပြန်ဖြစ်နေသလို မိုးမိတ်မြို့ပေါ်နဲ့အနီးတစ်ဝှိုက် ကျေးရွာတွေက အရပ်သား ၂ ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မိုးမိတ်မြို့နယ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာတည်ရှိပြီး ၂၀၁၄ ခုနှစ်သန်ခေါင်စာရင်း အရ လူဦးရေ ၆ သောင်းကျော်နေထိုင်တယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button