သတင်း

KIA နဲ့ TNLA အကြားလတ်တလောဖြစ်နေတဲ့ ပြသာနာ စိုးရိမ်စရာမလိုဘူးလို့ လက်နက်ကိုင်နှစ်ဖွဲ့ပြော

ရှမ်းမြောက် နေရာတစ်ချို့မှာ KIA နဲ့ TNLA လက်နက်ကိုင်နှစ်ဖွဲ့ကြား မြေပြင်မှာ ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး လူထုတွေ စိုးရိမ်စရာမလိုဘူးလို့ တော်လှန်ရေးတပ်ဖွဲ့နှစ်ဖွဲ့လုံးက ပြောပါတယ်။

ရှမ်းမြောက် မန်တုံမြို့နယ်နဲ့ မိုးမိတ်မဘိမ်းဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ ၂ ခုကြား အောက်ခြေမြေပြင်မှာ နယ်မြေပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

 ၂ နေရာဖြစ်တယ်။ Wechat ကနေ ပျံ့နှံ့လာတာ။ ဖြစ်စဉ်တစ်ခုက အခုအသစ်ဖွင့်ထားတဲ့ တပ်မဟာ ၁၁ ၊ တပ်ရင်း ၁၂ နယ်မြေမှာဖြစ်တယ်။ တစ်ခုကတော့ ဒီမန်တုံ မဂွေဘော်ဘွမ်သတ္တုတွင်းနားမှာဟုတ်တယ်။ တပ်မဟာ ၁၁ ဘက်ကတော့ ရွှေလီမြစ် ဟိုဘက် KIA နဲ့ ကျောင်းသားတပ်တွေရှိတဲ့နေရာကို TNLA က အကြောင်းမကြားပဲ ဝင်လာတာကြောင့် အဲက မြေပြင်တာဝန်ရှိသူတွေနဲ့ ပြဿနာဖြစ်ကြတာဟုတ်တယ်။ လို့ မန်တုံဒေသ KIO အရာရှိတစ်ဦးက KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ KIA နဲ့ TNLA နှစ်ဖက်တပ်ဖွဲ့အကြား နယ်မြေအပိုင်းအခြားနဲ့ပတ်သက်ပြီး အောက်ခြေမြေပြင်မှာ အခြေအတင် ပြဿနာဖြစ်နေတဲ့ ဗီဒီယိုဖိုင်တစ်ချို့ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့လာတာတွေ့ရပါတယ်။

အဲဒီဗီဒီယိုဖိုင်ထဲက တစ်နေရာဟာ KIA အသစ်ဖွင့်လိုက်တဲ့ တပ်မဟာ ၁၁ နယ်မြေ တပ်ရင်း ၁၂ နယ်မြေ မဘိမ်းမြို့အနီး ရွှေလီမြစ်ဆုံနားမှာဖြစ်ပြီး နောက်တစ်ခုကတော့ မန်တုံမြို့နယ် မိုင်းမော်(Mungmaw) ဘက် ဘော်ဟိုကျန့်(Magwi Baw Bum) သတ္တုတွင်းဘက်က ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုပြဿနာတွေ ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ ပြည်သူလူထုတွေအနေနဲ့ အထူးတလေစိုးရိမ်ဖွယ်ရာမရှိဘူးဟု မန်တုံဒေသ KIO တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုပါတယ်။

ပြဿနာသေးသေးမွားမွားပဲဟုတ်တယ်။ ကျနော်တို့နဲ့ သူတို့က အထက်လူကြီးတွေ အချင်းချင်းလည်း နေ့စဉ်နဲ့အမျှ ပုံမှန်ညှိနှိုင်းဆွေးနွေးနေတာဖြစ်တဲ့အတွက် ပြည်သူတွေလည်း စိုးရိမ်ဖွယ်မရှိဘူး။ ကျနော်တို့အချင်းချင်း ပစ်ကြ၊ခတ်ကြတဲ့ထိတော့ ဖြစ်လာမှာမဟုတ်ပါဘူး ရှိလာမှာလည်း မဟုတ်ပါဘူး။ မြေပြင်မှာအချင်းချင်း ပြဿနာဖြစ်ပြီး အချင်းချင်းပြန်ညှိနှိုင်းကြတာလောက်ပါပဲ။ ပြဿနာကြီးကြီးမားမားမဟုတ်ပါဘူး လို့ မန်တုံဒေသ KIO အရာရှိတစ်ဦးက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က မဘိမ်းမြို့ကို အပြီးသိမ်းပိုက်လိုက်ပြီး အဲဒီနယ်မြေတစ်ကြောကို ထိန်းချူပ်လိုက်တာဖြစ်ပါတယ်။

KIA သိမ်းပိုက်ရရှိထားတဲ့ နယ်မြေကျယ်ပြန်လာတာနဲ့အမျှ ရှမ်းနဲ့ ကချင်နယ်စပ်တစ်ကြော မန်ဝိန်းကြီး၊ ရွှေကူနယ်နဲ့ မိုးမိတ်မဘိမ်းမြို့ တွေအပါအဝင် ရွှေလီမြစ်ဝှမ်းတစ်လျှောက်ကို KIA တပ်မဟာ ၁၁ အဖြစ် ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့မှာပဲ KIO/KIA ဘက်က တိုးချဲ့သတ်မှတ်လိုက်တာဖြစ်ပါတယ်။

အဲဒီ KIA တပ်မဟာ ၁၁ တပ်ရင်း ၁၂ နယ်မြေ မိုးမိတ်မြို့နဲ့ မဘိမ်းမြို့ကြား ရွှေလီမြစ်ဆုံနားတစ်ဝိုက်ကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က အရင်က နေရာယူလှုပ်ရှားတာမျိုး မရှိခဲ့ဖူးပေမဲ့ ဒီတလောမှာတော့ မဘိမ်း ရွှေလီမြစ်ဝမ်းဘက်ထိ ဝင်ရောက်လာတာဖြစ်တယ်လို့ ဒေသခံတွေဘက်ကလည်း ပြောဆိုပါတယ်။

အရင်ကဆိုရင် ပလောင်(TNLA) အရိပ်အယောင်တောင် မတွေ့ရတဲ့နေရာဖြစ်တယ်။ မိုးမိတ်ကနေ ကချင်ပြည်ဘက်သွားတဲ့လမ်း ရွှေလီမြစ်ဆုံမဘိမ်းမြို့တွေကို KIA က သိမ်းပိုက်လိုက်တယ်။ အဲဘက်က ရွှေအရမ်းထွက်တယ်လေ။ အဲဒါကြောင့် TNLA ဘက်ကလည်း နေရာယူချင်လာပုံရတယ်။ TNLA က မလေးမစား စည်းမရှိ၊ကမ်းမရှိ လုပ်လာလို့ KIA ဘက်ကလည်း အင်အားနဲ့ လမ်းတွေပိတ်ဆို့တာတွေ ပြန်လုပ်၊ အေအဲလိုပြဿနာတွေဟုတ်တယ်။ ဒီတလော အဲဒီတစ်ကြောမှာ TNLA နဲ့ KIA ပြဿနာဆက်တိုက်ဖြစ်နေတယ်လို့ မိုးမိတ်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

လက်ရှိ မိုးမိတ်နဲ့ မဘိမ်းကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကျောင်းသားတပ်မတော် ABSDF PDF နဲ့ တအာင်း TNLA တပ်ဖွဲ့တွေအပါအဝင် အားလုံးလှုပ်ရှားနေရာယူနေကြတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

မိုးမိတ်မြို့ထဲမှာတော့ စစ်တပ်ကရှိနေသေးတာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲကို TNLA KIA နှစ်ဖွဲ့ထဲက ဘယ်အဖွဲ့ဖော်ဆောင်လာမယ်ဆိုတာ‌တော့ ခန့်မှန်းရခက်နေပြီး လတ်တလောမှာတော့သေနတ်သံငြိမ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။

မိုးမိတ်မဘိမ်းကြား ရွှေလီမြစ်ဆုံက ရွှေမှော်တစ်ဝိုက်မှာ KIA နဲ့ TNLA ကြား ပြဿနာတွေဖြစ်ပွားနေတဲ့အပြင် မိုးမိတ်မြို့ အရှေ့ မြောက်ဘက် မန်တုံမြို့နယ် မိုင်းမော်(Mungmaw) နမ်ဟိုင်း အနီး ဘော်ဟိုကျန့်(Magwi baw bum)သတ္တုတွင်းမှာလည်း KIA နဲ့ TNLA နှစ်ဖွဲ့တပ်အကြား ပြီးခဲ့တဲ့ ဧပြီလလောက်ကတည်းကစပြီး ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ဒီလိုပြဿနာကိစ္စရပ်တွေ ဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့က အထက်လူကြီးတွေအချင်းချင်း ညှိနှိုင်းဖြေရှင်းနေမြဲဖြစ်တာကြောင့် ပြဿနာကြီးကြီးမားမားဖြစ်လာစရာမရှိဘူးလို့ TNLA ပြောရေးဆိုခွင့်ရှိသူ မလွေးရယ်ဦး က ကချင်သတင်းဌာန KNG ကို အခုလို ပြေပါတယ်။

ဒီအပေါ်မှာ လူထုတွေ စိုးရိမ်ဖွယ်မရှိဘူး။ နှစ်ဖက်တပ်တွေ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေကြတဲ့ တပ်ဖွဲ့အချင်းချင်းတွေဖြစ်တယ်။ ပြီးရင် မဟာမိတ်အချင်းချင်းကြားမှာ ရှိနေတဲ့တပ်ဖွဲ့တွေလည်း ဖြစ်တာကြောင့် မြေပြင်အောက်မှာတော့ အခြားသော ထိတွေ့ပုပ်ခတ်မှုတွေ၊ အခြားသော နားလည်မှုလွဲနေတာတွေ ရှိကောင်းရှိမှာပေါ့လေ။ ဒါတွေသည် နှစ်ဖက်အထက်လူကြီးတွေက တွေ့ဆုံစည်းဝေး ညှိနှိုင်းခြင်းအားဖြင့် ယာယီနိုင်ငံရေးဖြေရှင်းရေး နည်းလမ်းနဲ့ ဖြေရှင်းသွားမှာဖြစ်ပါတယ်။ စိုးရိမ်စရာလည်းမရှိပါဘူးလို့ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ မလွေးရယ်ဦးက ပြောပါတယ်။

ရှမ်းမြောက် ကချင်ဆပ်စတိတ်(Kachin Sub-State) မှာ KIO/KIA ရဲ့ တပ်မဟာ ၆ ၊ တပ်မဟာ ၄ ၊ တပ်မဟာ ၁၀၊ တပ်မဟာ ၁၁ စသဖြင့် တပ်မဟာအသီးသီးရှိတဲ့ထဲ ၁၀၂၇ စစ်ဆင်ရေးအပြီး မြို့နဲ့ နယ်မြေအတော်အများ သိမ်းပိုက်ထိန်းချူပ်လိုက်တဲ့ TNLA နဲ့ မြို့နယ်တစ်ချို့မှာ မြေပြင်အောက်ခြေပိုင်း အချင်းချင်းကြား ပြဿနာဆက်တိုက်ဖြစ်လာ‌နေတာပဲ ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button