သတင်း

ပူတာအိုမှာဓာတ်ဆီပေပါ အလုံး ၃၀၀ စရောက်ပြီး တစ်ပုလင်း တစ်သောင်းကျပ်ရောင်းပေးနေ

ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓာတ်ဆီပေပါ  အလုံး ၃၀၀ စတင်ဝင်ရောက်လာခဲ့ပြီး ဓာတ်ဆီဈေးအနည်းငယ်ကျဆင်းလာပြီလို့ သိရပါတယ်။

ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းပိတ်ထားတာ သုံးလကျော်ကြာမြင့်လာပြီဖြစ်တဲ့အတွက် စက်သုံးဆီတွေပြတ်လပ်ပြီး ဈေးတွေအဆမတန်မြင့်တက်နေတဲ့ ပူတာအိုမြို့နယ်မှာ မနေ့က ဇွန်လ ၁၉ရက်နေ့ ညပိုင်းမှာပဲ ဓာတ်ဆီပေးပါ သီးသန့်အလုံး ၃၀၀ စတင်ဝင်ရောက်လာခဲ့တာကြောင့် ဆီဈေးအနည်းငယ်ကျဆင်းလာတယ်လို့ ပူတာအိုမြို့က အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဆီကားတွေမနေ့ညမှာပဲရောက်လာတာဟုတ်တယ်။ ဓာတ်ဆီကြီးပဲ ပေပါအလုံး ၃၀၀ ရောက်လာတယ် ဒါပေယ့်ဆီပန့်ဆိုင်မှာရောင်းပေးတာတော့မဟုတ်ဘူး။ အပြင်မှာရောင်းပေးတာ တစ်ပုလင်းကို ၁၀၀၀၀ နဲ့ရောင်းပေး လေယာဉ်ကွင်းရပ်ကွက်မှာရောင်းပေးနေတာဟုတ်တယ်လို့ သူကပြောပါတယ်။

အဲ့ဒီဓာတ်ဆီပေပါအလုံး ၃၀၀ ဟာ အရပ်ဘက်အဖွဲ့အစည်းတစ်ခုက(အဖွဲ့အစည်းအမည်စုံစမ်းဆဲ) စစ်ကောင်စီနဲ့ KIAKPDF တပ်တွေကိုညှိနှိုင်းမူရယူထားပြီး နှစ်ဖက်ခွင့်ပြုချက်နဲ့ သယ်ယူပြီးရောင်းချပေးနေတာလို့ ကောင်ကထောင်ရပ်ကွပ်နေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

အခုဝင်လာတဲ့ဆီတွေကဆီပန့်ဆိုင်တွေကတော့မဟုတ်ဘူး အဖွဲ့အစည်းတစ်ခုက သယ်လာတာဟုတ်တယ် ပါတီတစ်ခုကလို့လည်းပြောတယ်ဘယ်အဖွဲ့အစည်းကဆိုတာတော့အတိအကျမပြောဘူး အဖွဲ့အစည်းတစ်ခုကသယ်ယူပြီးရောင်းပေးနေတာဖြစ်လို့ဆီဆိုင်မှာတောင်မဟုတ်ဘူး လေယာဉ်ကွင်းရပ်ကွက်က ဇီယူမှာရောင်းပေးနေတာလို့ သူကပြောပါတယ်။

စက်သုံးဆီပေပါအလုံး ၃၀၀ မရောက်မှီက ပူတာအိုမြို့ပေါ်မှာ ဓာတ်ဆီတစ်ပုလင်းကျပ် ၇၀၀၀၀ ၊တစ်ပေပါ ကျပ် သိန်း ၁၀၀ ကျော်အထိဈေးတက်ခဲ့ဖူးပြီး လက်ရှိဆီအနည်းငယ်ဝင်ရောက်လာတာကြောင့် တစ်ပုလင်း ကျပ် ၁၀၀၀၀၊ တစ်ဂါလံ ကျပ် ၅၀၀၀၀ ရောင်းချပေးနေပြီလို့ သိရပေမယ့် လိုသလောက်တော့ဝယ်လို့မရသေးဘူးလို့ ဆိုပါတယ်။

ပူတာအိုမြို့ပေါ်က ဆီပန့်ဆိုင်ကြီးတွေဖြစ်တဲ့ ဇေယျာမင်းနဲ့ တိုင်းကျော် ဆီဆိုင်တွေကလည်း ဇွန်လ  ၁၀ ရက်နေ့ကတည်းက စက်သုံးဆီပေပါအလုံး ၈၀၀ ကျော်တင်ဆောင်ထားတဲ့ဆီကားတွေ ပူတာအိုဘက်ကိုစေလွတ်လိုက်ပေမယ့် ပူတာအိုမြို့ကိုဒီကနေ့အထိရောက်မလာပဲ လမ်းခုလတ်မှာ တောင်တင်နေတာဖြစ်တယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ ပူတာအိုမြို့ခံတစ်ဦး ကဆက်ပြောပါတယ်။

အဲ့တိုင်းကျော်နဲ့ဇေယျာမင်းရဲ့ဆီကားတွေတက်လာတာ ၁၀ ရက်တောင်ပြည့်တော့မယ်အခုထိမရောက်လာသေးဘူး ဆီဆိုင်တွေကိုယ်တိုင်လည်းပြောတယ်ဆီကားတွေတက်လာပြီလို့အခုထိဘာလို့မရောက်သေးတာလဲမသိဘူး အမှန်ဆိုအဖွဲ့အစည်းရဲ့ကားတွေတောင်ရောက်နေတာသူတို့လည်းရောက်သင့်နေပြီလေး ကြာနေပြီလို့သူကပြောပါတယ်။

အခုလိုစက်သုံးဆီခက်ခဲနေတဲ့ပူတာအိုဒေသ မှာ ဒေသခံတွေ သွားလာရေး၊ လယ်ယာထွန်းယက်စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးလုပ်ငန်းတွေအဘက်ဘက်ကထိခိုက်လာနေသလို ဆီမရှိတာကြောင့် ဖုန်းတာဝါတိုင်လည်ပတ်ဖို့ခက်ခဲ ပြီး ဖုန်းလိုင်း၊အင်တာနက်လိုင်းကအစ ပြတ်တောက်နေတာဖြစ်ပါတယ်။

စစ်ရေးအခြေအနေကြောင့် မတ်လကတည်း က ပိတ်ထားတဲ့ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကို ဒီကနေ့အထိလွတ်လွတ်လပ်လပ်သွားလာလို့မရသေးတာဖြစ်ပြီး ကုန်ကားအနည်းငယ်နဲ့ဆီကားအချို့ကိုတော့ စစ်ကောင်စီနဲ့ KIA တွေရဲ့နှစ်ဖက်ခွင့်ပြုချက်နဲ့သေချာစိစစ်ပြီးအကန့်အသတ်နဲ့ခွင့်ပြုနေတာဖြစ်ပါတယ်။

ပူတာအို–  မြစ်ကြီးနားကားလမ်းပိုင်းထဲက ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ ဒီနှစ် မတ်လ ၈ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ KIAKPDF နှစ်ဖက်တပ်တွေကြားထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာကနေကားလမ်းပိုင်းပိတ်ထားတာဖြစ်သလို ဒီကနေ့အထိစစ်ရေးတင်းမာနေတာကြောင့် ကားလမ်းပိုင်းရာနှုန်းပြည့်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button