သတင်း

မိုးမိတ်မှာ TNLA ကိုဒေသခံတွေဆန္ဒပြ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ် မြစ်ဆုံကျေးရွာကဒေသခံများက ဒီကနေ့မနက်ပိုင်း ၁၀ နာရီဝန်း ကျင်လောက်မှာ တအာင်းတပ်မတော် TNLA အလိုမရှိကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။

တအာင်းတပ်မတော် TNLA ဘက်က ဒေသခံတွေရဲ့ ကုန်တင်တဲ့ ၆ ဘီးကားလေးတွေအတွက် တစ်နှစ်စာ ဘီးခွန် ၄ သိန်းအပြင် မိုးမိတ်မြို့အဝင်ရော အထွက်မှာပါ နောက်ထပ် ၄ သိန်းစီထပ်ကောက်ခံတာမျိုးတွေလုပ်နေတဲ့အပြင် ပြည်သူတွေကို အာဏာရှင်ဆန်ဆန် ဆက်ဆံနေတာကြောင့် ဆန္ဒထုတ်ဖော်ရတာလို့ ဆန္ဒထုတ်ဖော်ရာမှာပါဝင်ခဲ့တဲ့ဒေသခံတစ်ယောက်ကပြောပါ တယ်။

အခြေနေကတော့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ဖိနှိပ်ဆက်ဆံတဲ့ပုံစံမျိုးဖြစ်လို့ပါ။ ကျနော်တို့ ဒေသခံ တွေရဲ့ကား ၆ဘီးကားလေးတွေ သွားလာတာကို အခွန်ကောက်တာနည်းနည်းများတာပေါ့ဗျာ။ တစ်နှစ်စာကို ၄ သိန်းကောက်တဲ့အပြင် အသွားကိုလည်း ၄သိန်း အပြန်ကိုလည်း ၄ သိန်းကောက် အဲ့လိုကောက်ခံတာတွေ နည်းနည်းများလို့ပါလို့ပြောပါတယ်။

တစ်ဖက်မှာ တအာင်းတပ်မတော် TNLA ဂိတ်ကိုဖြတ်သန်းတဲ့ ၁၂ဘီးကားတို့လို ကားကြီးတွေကိုတော့ ၅သိန်း ကျော်လောက်အထိ အခွန်ကောက်ခံတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် တအာင်းတပ်မတော် TNLA ဟာ မိုးမိတ်မြို့နယ်ထဲက ရွှေမျှောလုပ်ငန်းလုပ်ကိုင်တဲ့ ဒေသခံတွေဆီကလည်း တစ်နှစ်စာအခွန်ကောက်ခံတဲ့အပြင် လစဥ်ကြေးတွေလည်းပေးဆောင်ရပြီး ပြီးခဲ့တဲ့ မေလကဆိုရင် သိန်းတစ်ထောင်တန်ကားတစ်စီးဝယ်ခိုင်းခဲ့လို့ ဝယ်ပေးခဲ့ရသေးတယ်လို့ ဒေသခံတွေကပြော ပါတယ်။

မြစ်ဆုံရွာဒေသခံတွေဆန္ဒဖော်ထုတ်ခဲ့တဲ့ သပိတ်စစ်ကြောင်းအနေနဲ့ သပိတ်စစ်ကြောင်း လှည့်လည်ချိန်မှာ ဘာတွေဆန္ဒထုတ်ဖော်ခဲ့ကြလဲဆိုတာနဲ့ပတ်သက်လို့ ဆန္ဒထုတ်ဖော်ရာမှာပါဝင်ခဲ့တဲ့ ဒေသခံ တစ်ယောက်က အခုလိုပြောပါတယ်။

ကျနော်တို့တောင်းဆိုမှုကတော့ လက်နက်အားကိုးပြီးအုပ်ချုပ်နေတဲ့တအာင်း TNLA အလိုမရှိကြောင်း၊ နောက် အခွန်ကောက်ခံမှုစနစ်ပုံစံကိုလည်းအလိုမရှိဘူးပေါ့။ TNLA ရဲ့ ပြည်သူလူအပေါ်ဆက်ဆံတဲ့ ပုံစံကို လည်းအလိုမရှိဘူး။ နောက် အာဏာရှင်ဆန်ဆန်ဆက်ဆံနေတဲ့ TNLA ဒီနယ်မြေကနေထွက်ခွာပေးဖို့ပေါ့လို့ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့တဲ့ သပိတ်စစ်ကြောင်းမှာ လူဦးရေ ၃၀၀ ဝန်းကျင်လောက် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြစ်ဆုံကျေးရွာထဲမှာပဲ လှည့်လည်ဆန္ဒပြခဲ့တာလို့ သိရပါတယ်။

ဒီအခြေနေနဲ့ပတ်သက်လို့ တအာင်းတပ်မတော် TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးကို KNG ကို ဆက်သွယ်မေးမြန်းကြည့်ရာဒီသတင်းက ကျွန်မတို့ဆီကိုရောက်လာခြင်းမရှိသေးဘူး ဘာမှလည်းသတင်း သိရတာမရှိသေးဘူးလို့ ပြန်လည်ဖြေကြားပါတယ်။

ဒါအပြင် ပြည်သူတွေ ဆန္ဒပြနေချိန် TNLA  တပ်ဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ ရောက်လာပြီး သပိတ်ဦးဆောင်သူကို ထုတ်ပေးဖို့ ဆန္ဒပြသူတွေကို တားမြစ်ပိတ်ပင်တာတွေလုပ်နေတဲ့ ရုပ်သံကလည်း လူမူကွန်ယက်စာမျက်နှာမှာ ထွက်ပေါ်လာပါတယ်။ 

မိုးမိတ်မြို့နယ်ထဲမှာ တအာင်းတပ်မတော် TNLA ရဲ့ အထိုင်ချဂိတ် ၇မိုင်မှာတစ်ဂိတ်၊ မြစ်ဆုံရွာ အဝင်မှာ လည်း တစ်ဂိတ်၊ ရေအားမှာလည်း တစ်ဂိတ် အထိုင်ချပြီး ဖြတ်သန်းသွားလာတဲ့ ကုန်ကားတွေဆီက အခွန်အဆမတန်ကောက်ခံနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button