သတင်း

မြစ်ကြီးနား – ပူတာအိုကားလမ်းမြေပြိုမှုကြောင့် ကားသေးတွေသာသွားလာလို့ရ

ကချင်ပြည်နယ် ပူတာအိိုမြစ်ကြီးနားကားလမ်းပိုင်းတစ်နေရာမှာမြေပြိုထားတဲ့အတွက် ကုန်ကားကြီးတွေပိတ်မိနေပြီး ကားအသေးတွေသာ သွားလာလို့ရနေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

ပူတာအိုမြို့နယ်ထဲက တန်ဂျာကျေးရွာနဲ့ မဆွန်ဇွပ်ကျေးရွာကြားက (ဒေသအခေါ် )ကျောက်ရေတွင်းအနီးမှာ ဇွန်လ ၁၉ ရက်နေ့က မိုးရွာသွန်းမှုကြောင့်ကားလမ်းတွေမြေပြိုပြီးတံတားငယ်တစ်ခုပျက်စီးသွားတာကြောင့် လက်ရှိကုန်ကားကြီးတွေသွားလာလို့မရဖြစ်နေတယ်လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

ကားလမ်းမြေပြိုတာတော့ဟုတ်တယ် တံတားသေးသေးလေးတစ်ခုလည်းပါသွားတယ်တဲ့။ ဒါပေမယ့်ပြန်ပြင်နေပြီနောက် ၂ ရက်လောက်ဆိုရင်တော့သွားလို့ရပြီပြောတယ် ကားကြီးတွေပဲ ဖြတ်လို့မရတာပါကားသေးလေးတွေကတော့လာနေတာပဲသွားလို့ရတယ်တဲ့လို့ သူကပြောတယ်။

မိုးရွာသွန်းခဲ့မှုကြောင့် ကားလမ်းပိုင်းနေရာအချို့မြေကြီးဖုံးလွှမ်းတာ၊ တံတားငယ်တစ်စင်းပျက်စီးသွားတာကြောင့် ကုန်ကားအကြီးတွေယာယီဖြတ်သန်းလို့မရပေမယ့် ကားသေးလေးတွေတော့ပုံမှန်သွားလာလို့ရနေတယ်လို့ ပူတာအိုမြို့ မြို့မရပ်ကွက်စျေးက စျေးသည်တစ်ဦးက ပြောပါတယ်။

ကားသေးလေးတွေတော့မနေ့ညလည်းဝင်တယ် ဒီနေ့ပစ္စည်းတွေတောင်ချပေးနေတယ်ကားဂိတ်တွေက ကားတွေကလည်းပြောတယ်ကားသေးလေးတွေတော့ရတယ်ပစ္စည်းတင်လို့ရတယ်တဲ့ Alphard တို့ Noah ကားတို့လိုမျိုးတော့လာလို့ရတယ်တဲ့လို့သူကပြောပါတယ်။

အဲ့ဒီကားလမ်းပိုင်းမြေပြိုမှုတွေကြောင့် လူသုံးကုန်နဲ့ စားသောက်ကုန်တွေတင်ဆောင်လာတဲ့ကားကြီးတွေပိတ်မိနေသလို ဇေယျာမင်းနဲ့တိုင်းကျော်ဆီပန့်ဆိုင်က ဆီသယ်ကားကြီးတွေလည်းပိတ်မိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

စစ်ရေးအခြေအနေကြောင့် ကားလမ်းပိုင်းဖြတ်သန်းသွားလာခွင့်သုံးလ ကျော်ကြာပိတ်ထားတဲ့ ပူတာအိုဒေသမှာ ဇွန်လ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီနဲ့ KIAတို့ရဲ့ခွင့်ပြုချက်နဲ့ စားသောက်ကုန်ကားတွေစတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့ကနေတော့ဆီကားတစ်ချို့ပါ ဝင်ရောက်လာတာဖြစ်ပါတယ်။

အခုတော့ကားတွေတဖြေးဖြေးဝင်လာလို့ကုန်စျေးတွေကျလာပြီ။ ဒီနေ့ဆို ကြက်သွန်နီတစ်ပိသာ ၇၀၀၀တဲ့ အရင်က ၂သောင်းခွဲသုံးသောင်ရှိတာဓာတ်ဆီလည်းတစ်ပုလင်း ၈၀၀၀ အထိကျလာပြီလို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းထဲက ဆွမ်ပရာဘွမ်မြို့နယ်ထဲမှာ ဒီနှစ် မတ်လ ၈ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ KIAKPDF နှစ်ဖက်တပ်တွေကြားထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာကနေကားလမ်းပိုင်းပိတ်ထားတာဖြစ်သလို ဒီကနေ့အထိစစ်ရေးတင်းမာနေတာကြောင့် ကားလမ်းပိုင်းရာနှုန်းပြည့်မဖွင့်နိုင်သေးတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button