အင်တာဗျူး

ဧရာဝတိီမြစ်ရေစံချိန်ကျော်မြင့်တက်ခဲ့တဲ့ မြစ်ကြီးနားမြို့ အခြေနေဘယ်လိုရှိနေလဲ

ရေဘေးသင့်ခဲ့တဲ့ မြစ်ကြီးနားနဲ့ဝိုင်းမော်မြို့နယ်တွေမှာ ဖုန်းအင်တာနက်လိုင်းအားလုံးပြတ်တောက်နေတဲ့အပြင် စက်သုံးဆီအခက်ခဲတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်သူတွေအခက်ခဲဖြစ်နေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီးဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာထက်  ပေကျော်မြင့်တက်ခဲ့ပြီး တစ်မြို့လုံးနီးပါးရေဘေးဒဏ်ကြုံခဲ့ပါတယ်။ 

ရေဘေးကြုံခဲ့ရတဲ့ မြစ်ကြီးနားမြို့ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ အဘက်ဘက်ကအခက်အခဲတွေကြုံနေရ တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေကပြောပါတယ်။

မြစ်ကြီးနားမြို့က ရပ်ကွက်တစ်ချို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညကနေ တနင်္လာနေ့ညအထိ ဧရာဝတီမြစ်ရေ မြင့်တက်ကာရေကြီးရေလျှံမှုတွေကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

လက်ရှိတော့ ဧရာဝတီမြစ်ရေကကျသွားပြီဖြစ်ပေမဲ့လည်း ရပ်ကွက်တစ်ချို့ရေဝပ်နေဆဲဖြစ်ပြီးတော့ ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်လည်းအခက်ကြုံနေရ မြစ်ကြီးနားမြို့ရေဘေးသင့်ပြည်သူတွေကို ကူညီပေးနေတဲ့ တက်ကြွလူငယ်တစ်ဦးကို KNG သတင်းဌာနကနေ မေးမြန်းထားပါတယ်။

မေးမြစ်ကြီးနားမြို့ အခြေနေလေးသိပါရစေ။

ဖြေ – မြစ်ကြီးနားမှာ အားလုံးသိတဲ့အတိုင်းဘဲ ရေတော့ကျသွားပြီ  ဒါပေမယ့် ကြက်ပေါင်ခြံ၊ အနောက်လယ်ကုန်း၊ဇိီးလွန်၊မြင့်ငြိမ်းအေး ရပ်ကွက်တွေမှာ တော်တော်လေးရေများနေသေးတယ်။ အဲမှာပြည်သူတွေအများကြီး ဒုက္ခရောက်နေကြတယ် ကယ်ဆယ်ရေးလုပ်တဲ့သူတွေလည်း အဲဘက်ကိုအများပိုင်းမရောက်ကြဘူး။

မေး– ပြည်သူတစ်ချို့ပိတ်မိနေသေးတယ်လို့ ဆိုလိုချင်တာလား။

ဖြေ – ဟုတ်တယ် အနောက်လယ်ကုန်း နယ်မြေ ၁၄ မှာဆိုရင်တစ်ရပ်ကွက်လုံးနီးပါး ရေဝပ်နေသေးတယ်  ရေကတစ်ချို့နေရာမှာဆိုရင် လူတစ်ရပ်ကျော်ရှိတယ်။ အဲဘက်ကို ကူညီတဲ့သူတွေသိပ်မတွေ့ရဘူး ရမ်ပူရော အတူတူဘဲ မြေနိမ့်တဲ့ဘက် ဇီးလွန်ရော လာကူညီသူတွေကို သိပ်မတွေ့ရဘူး။ အများပိုင်းက စီတာပူလိုရပ်ကွက်တွေမှာဘဲ ကူနေကြတာတွေ့တယ် ပိုခက်ခဲနေသေးတဲ့သူတွေများကြီး ရှိနေသေးတယ်။ မြစ်နဲ့နီးတဲ့ရပ်ကွက်တွေက တော်ရုံတော့ရေမခန်းလောက်ဘူး ပြည်သူတော်တော်များများပိတ်မိနေသေးတယ်။

မေး– ခုမြင်တွေ့ရတဲ့အတိုင်းဆိုရင် ရေဝပ်နေသေးတဲ့ရပ်ကွက်တွေမှာ ဘယ်လိုအခြေနေရှိနေလဲ။

ဖြေ – တော်တော်ဆိုးတယ် ကျွဲ၊နွား၊တိရိစ္ဆာတွေလည်းသေထားတော့ အနံ့တွေကထွက်လာပြီ ဒါအမြန်မရှင်းလိုက်နိုင်ရင် နောက်ထပ် ၃ရက်လောက်ဆိုရင်တော့ အဲကပြည်သူတွေ ဝမ်းပျက်၊ဝမ်းလျှောဖြစ်ပြီး ဖျားကြတော့မှာ ခုတောင်ဖျားတဲ့သူတွေရှိနေပြီ။ ပြီးတော့ တစ်ချို့ဆို အိမ်အလုံးလိုက်ပါသွားတာ၊ခြံစည်းရိုးလည်းတွေလည်း အားလုံးပါသွားတာတော်တော်လေးများတယ် တိရိစ္ဆာသေထားတဲ့အနံ့ကထွက် ရေကလည်းဝပ်နေသေးတော့ တော်တော်လေးဒုက္ခရောက်နေကြတယ်ဗျာ။သက်ကြီးရွယ်အိုတွေ ကလေးတွေ၊ ခွဲစိတ်လူနာတွေလည်း များကြီးရှိနေတယ်။ ရေကျသွားတဲ့အိမ်တွေကလည်း နှုံးတွေပြည့်တော့ ဒီနှုန်းတွေကိုထုတ်လိုက်ဖို့ကလည်း မလွယ်ကြဘူး မီးကမလာနဲ့ဆိုတော့ အရမ်းခက်နေကြတယ် ပြန်လည်ထူထောင်ရေးတော့မလွယ်လောက်ဘူး။ 

မေး– ဘာလို့ဒီရပ်ကွက်တွေမှာ ကယ်ဆယ်ရေးထိထိရောက်ရောက်မလုပ်နိုင်တာလဲ ရေကြီးတဲ့နေ့ကလည်း ကြက်ပေါင်ခြံဘက်က ပိတ်မိနေသူပိုများတယ်ဆိုတာ သိရတယ်။ ဘာကြောင့် ဒီဘက်ကို မရောက်ကြတာလဲ။

ဖြေ – အများပိုင်းက စီတာပူရပ်ကွက်ကို Focus လုပ်ကြတယ်။ ကြက်ပေါင်ခြံ၊လယ်ကုန်း၊ဇီးလွန်ဘက်တွေကျတော့  သိပ်မရောက်ကြဘူး။ ကျနော့်အထင်ပြောရရင် ရေကြီးတဲ့နေ့ဆိုလည်း အဲဘက်ရပ်ကွက်တွေက ရေစီးလည်းအရမ်းသန်တယ် တော်ရုံလှေနဲ့သွားလို့မရဘူး မျှောသွားမှာ။ နောက်ပြီးတော့ လှေရှိလည်း ဆီမရှိတဲ့ဒုက္ခတွေရှိတော့ ထိထိရောက်ရောက်မလုပ်နိုင်တာဟုတ်တယ်။ ပြီးရင် ရေကြီးတဲ့နေ့ကလည်း ကျနော်တို့ဆီကိုလည်း အဝင်ခေါ်က နှစ်ထောင်လောက်ရှိတယ် ဒါပေမယ့်လည်း ဘာမှမလုပ်ပေးနိုင်ဘူး ကျနော်တို့အားနဲ့လက်လှမ်းမှိီသလောက်ဘဲလုပ်ပေးနိုင်တယ်။ 

မေးခုကော ကယ်ဆယ်ရေးလုပ်ဖို့  အဓိကဘာတွေခက်ခဲနေကြလဲ။

ဖြေ – ရေကြီးတုန်းကလည်း ကျနော်တို့ဆီကို ဖုန်းအဝင်ခေါ်ထားတာ  ထောင်လောက်ရှိတယ်။ဒါပေမယ့် ကျနော်တို့ဘက်က လှေမရှိတာနဲ့စက်သုံးဆီအခက်ခဲနဲ့ဆိုတော့ ကြက်ပေါင်ခြံရပ်ကွက်လိုဆို ရေစီးအရမ်းသန်တယ် ကျနော်တို့အာ့လောက်ထိ မသွားနိုင်ခဲ့ဘူး ဒီနေရာတွေက အစိုးရကနေ အနီရောက်စီမံချက်နဲ့ကိုလုပ်ရမယ့်နေရာဟုတ်တယ်။ဒါပေမယ့် လုပ်သလားမလုပ်ဘူးလားလည်း ကျနော်တို့မမြင်ရဘူး။ ခုရေကျသွားပြီးနောက်မှာလည်း အတူတူဘဲ ခုနပြောတဲ့ရပ်ကွက်တွေမှာကယ်ဆယ်ရေးအထူးလုပ်ပေးနေတာလည်းမတွေ့ရဘူး။ ပိုခက်တာက ခုလိုင်းမရ မီးကမလာဘူးဆိုတော့ ဆက်သွယ်တွေပြတ်ပြီး ဘယ်နေရမှာဘာဖြစ်နေတယ်ဆိုတာ တိတိကျကျမသိနိုင်ဘူးလေ။နောက်တစ်ခုက ကုန်စျေးနှုန်းတွေက မတရားစျေးတင်ပြီးရောင်းနေကြတာ ကွေကာအုပ်တစ်ထုတ်ကို တစ်သောင်းခွဲပေးဝယ်နေရတယ် သိန်း ၂၀ ဆိုဘာဝယ်မရဘူး။ပြီးတော့ စက်သုံးဆီ တစ်လီတာကို တစ်သောင်းခွဲ ကျနော်တို့ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေပါ လျော့ပေးကြပါဆိုလည်းမရဘူး ဒီလောက်စျေးနဲ့တော့ ဘယ်လိုမှမတတ်နိုင်ဘူး ဒီလိုအစစအရာရာခက်နေတာ့ အရမ်းလည်းစိတ်ညစ်ရတယ် အရမ်းခက်တယ်။

မေး– ခုပိတ်မိနေသေးတဲ့ပြည်သူတွေ အဓိကဘာလိုအပ်နေသလဲ။

ဖြေ – အရေးကြီးဆုံးကတော့ သေနေတဲ့တိရိစ္ဆာန်အလောင်းတွေ အမြန်ရှင်းပေးဖို့လိုတယ်ဗျ။ ပြီးတော့ အစားသောက်နဲ့ဆေးဝါးတွေလိုတယ်။ဖျားတဲ့သူတွေလည်းရှိနေတော့ ဆေးတွေလည်းလိုအပ်တယ်။ ပြီးရင် မီးနဲ့ဖုန်းလိုင်းအမြန်ရဖို့လိုနေတယ်ဗျ။

မေး– လက်ရှိမြစ်ကြီးနားမြို့မှာ အခြေခံစားသောက်ကုန်တွေဝယ်လို့မရဘူးလား ဘယ်လိုအခြေနေရှိလဲ။

ဖြေ – ရေစင်စျေးဘက်တော့ လမ်းမှာတစ်ချို့ခင်းရောင်းတာရှိတယ်။စားသောက်ကုန်နဲ့စက်သုံးဆီတွေကတော့ ပမ္မတီးဘက်တွေကို သွားဝယ်နေရတယ် မြို့ထဲမှာက ဆိုင်ကြီးတွေအများပိုင်းလည်းပိတ်ထားကြတာ ဖွင့်ထားတဲ့ရပ်ကွက်ဆိုင်တွေဆိုလည်း စျေးနှန်းဆိုတာ သူတို့ပါးစပ်မှာဘဲရှိတယ်။ ကြိုက်သလိုရောင်းနေကြတာ အာ့ကြောင့် ကျနော်တို့တောင် ပစ္စည်းတွေဝယ်ရခက်လွန်းလို့ ဘယ်လိုလုပ်ရမလဲစဉ်းစားနေရတယ်။

မေး– ခုမြစ်ကြီးနားတစ်မြို့လုံးဖုန်း၊အင်တာနက်လိုင်းက ပြတ်တောက်နေတဲ့အနေထားလို့ပြောလို့ရသလား။

ဖြေ – လိုင်းသုံးရဖို့ ဖုန်းပြောရဖို့ ဖုန်းလိုင်းရတဲ့နေရာအထိ သွားပြီးသုံးနေရတယ်  Mytel တစ်ခုဘဲ ရနေတယ်ကျန်တာဘာမရဘူး။ အာ့ကြောင့် ကျနော်တို့ကယ်ဆယ်ရေးလုပ်တဲ့သူတွေပိုခက်နေတာ။

မေး– ကယ်ဆယ်ရေးလုပ်နေတဲ့ပြည်သူတစ်ယောက်အနေနဲ့ဘာထပ်ပြောချင်လဲ။

ဖြေ – ဒါကသဘာဝဘေးအန္တရယ်ဆိုတော့လေ ကြုံရမှာဘဲ ဒါကိုကြည့်ပြီးနောက်ပိုင်းကျရင် ကြိုတင်ပြင်ဆင်မှုတွေများကြီးလုပ်ထားဖို့လိုအပ်တယ်လို့ မြင်တယ်။ ပြီးတော့ ပြောချင်တာတစ်ခုက ခုလိုချိန်မှာ ဖုန်းလိုင်းတွေမပိတ်ပေးပါနဲ့ ဖုန်းလိုင်းတွေရအောင်လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်။နောက်ဆုံးက ရေဝပ်နေသေးတဲ့ရပ်ကွက်တွေဘက်ကို စီမံချက်နဲ့သေချာလေး ပြန်လည်ထူထောင်ရေးလုပ်ပေးစေချင်တယ်။

ဒီနေ့ထိ ရေဝပ်နေသေးတဲ့ ရပ်ကွက်တွေဟာ ဧရာဝတီမြစ်ကမ်းနံဘေး မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ရမ်ပူ၊ကြက်ပေါင်ခြံ၊အနောက်လယ်ကုန်းနဲ့ဇီးလွန်အဆိုးရွားဆုံးဖြစ်ပြီး ကယ်ဆယ်ရေးလက်လှမ်းမမှီတာကြောင့် ရေနစ်သေဆုံးသူတွေလည်းရှိတယ်လို့ သိရပါတယ်။

လက်ရှိ မြစ်ကြီနားမြို့မှာ ကုန်စံဆိုင်အများပိုင်းပိတ်ာထးပြီး ဆီတွေကြီးတွေလည်း အများအပြားပိတ်ထားချိန်လမ်းဘေးပုလင်းချိန်ရောင်းသူတွေဟာ ဆီတစ်လီတာကို တစ်သောင်းခွဲကနေ နှစ်သောင်းကြားရောင်းနေကြပြီး အခြေခံစားသောက်ကုန်တွေလည်း စျေးအဆမတန်မြင့်တက်နေတာလည်းဖြစ်ပါတယ်။

မြစ်ကြီးနားမြို့မှာ ဒီနှစ်မိုးရာသီရဲ့ ဧရာဝတီမြစ်ရေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ က စံချိန်တင် ကြီးမြင့်ခဲ့တဲ့ ဧရာဝတီမြစ်ရေအမှတ် ၁၄၀၈ စင်တီမီတာအောက်  စင်တီမီတာလောက်ပဲ လျော့ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်အောက်ဘက်တစ်လျှောက်က မြို့တွေဖြစ်တဲ့ ဗန်းမော်၊ ရွှေကူ၊ ကသာ နဲ့ မြစ်စဥ်တလျှောက်မြို့တွေအားလုံးလည်း ၂၀၀၄ ကအတိုင်းရေဘေးအန္တရာယ်ကိုကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၉၉၇ခုနှစ်မှာ ၁၄၁၁ စင်တီမီတာ၊ ၁၉၇၉ ခုနှစ် ၁၄၁၃ စင်တီမီတာ၊၂၀၀၄ ခုနှစ် ၁၄၀၇ စင်တီမီတာအထိ ရှိခဲ့ပြီး ၂၀၂၄ ဒီနှစ်မှာတော့ ၁၄၀၄ စင်တီမီတာအထိ မြင့်တက်ခဲ့တယ်လို့ပြည်နယ်မိုးဇလက ဆိုထားပါတယ်။

By – CJ

Show More

Related Articles

Back to top button