ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းအင်တာဗျူး

မိုးကောင်းမြို့ မှာ အရပ်သားဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး  ဆက်သွယ်မေးမြန်းချက်

မိုးကောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့က စက်တင်ဘာလ လဆန်းပိုင်းအထိ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၀၀ ကျော်ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီထဲက စစ်တပ်ရဲ့ညှင်းပန်းနှိပ်စက်ခံရတာတွေကြောင့် စစ်ကြောရေးမှာ သေဆုံးသူ  ယောက်ထိရှိခဲ့တဲ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ အာမခံနဲ့လွတ်မြောက်လာသူ တွေအနည်းအကျဉ်းရှိခဲ့ပေမေယ့် အများပိုင်းကတော့ ဖမ်းဆီးခံထားရဆဲလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ဘာကြောင့်ခုလို ဖမ်းဆီးသတ်ဖြတ်တာတွေလုပ်နေတာလဲ ဒီအခြေနေနဲ့ပတ်သက်ပြီး မိုးကောင်းမြိုခံ ရပ်မိရပ်ဖတစ်ဦးကို KNG သတင်းဌာနက မေးမြန်းထားပါတယ်။

မေး– မိုးကောင်းမှာ ဒေသခံတွေကို စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးမှုတွေလုပ်လာတာ ဘာ့ကြောင့်လဲ။

အချက်နှစ်ချက်လောက်တော့ရှိတယ် သူတို့ စကခ မှူးရဲ့အပြောင်းအရွေ့ပေါ့ ဒါလည်းပါတယ် ပြီးရင် တိုင်းအဆင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးပါပြောင်းလဲလိုက်တာပေါ့အဲ့တာတွေလည်းပါတယ်။ပြီးရင် ကျနော်တို့မြို့မှာ ဒလန်ရှင်းလင်းရေးလုပ်တဲ့ အခြေနေမှာ အခုနောက်ဆုံးဖြစ်သွားတဲ့ အထက ၁ ကျောင်းကြိုကားကို ကာကွယ်ရေးတပ်ဘက်က အဲ့ကားပေါ်ပါလာတဲ့ စစ်သားနှစ်ယောက်ကို ရှင်းလင်းလိုက်တဲ့ နောက်ပိုင်းမှာ ဖမ်းဆီးမှုတွေ ပြင်းပြင်းထန်ထန်လုပ်လာတာ အရင်က ဒလန်ရှင်းလင်းတဲ့ကိစ္စတွေလည်းရှိတယ် ဒါပေမဲ့ ဒီလို ဖမ်းဆီးတာတွေမရှိခဲ့ဘူး။

မေး– မိုးကောင်း အထက ၁ ကျောင်းမှာ ကျောင်းလာကြိုတဲ့ကားပစ်ခတ်ခံရတဲ့ဖြစ်စဥ်ပြန်ပြောပြပေးပါအုံး။

ဖြေ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့လ ၁၉ရက်နေ့က အထက ၁ ရဲ့ အရှေ့ဘက်အပေါက်မှာ သူတို့ ခလရ ၇၄ တပ်က ညနေပိုင်းကျောင်းလာကြိုတဲ့အချိန် ကားမောင်းတဲ့လူနဲ့နောက်က လိုက်တဲ့လူနဲ့ကို ကျောင်းမဆင်းခင်လေးမှာ ပဲ သူတို့ကားရပ်တဲ့နေရာမှာပဲကာကွယ်ရေးတပ်တွေဘက်ကရှင်းလိုက်တာ အဲ့မှာသေနတ်လည်းယူသွားတာပေါ့။

မေး– ကျောင်းလာကြိုတဲ့ကား ပစ်ခတ်ခံရပြီးတဲ့နောက် ဖမ်းဆီးခံရမှုအခြေနေ။

ဖြေ – အဲ့လို ပစ်ခတ်ခံရပြီးတဲ့ညမှာပဲကိုဖမ်းဆီးမှုတွေလုပ်တော့တာ အဲ့ဒီညနဲ့ နောက်နေ့မနက်မှာပဲဖမ်းဆီးခံ ရတာ ကျနော်မှတ်မိသလောက် ၅ယောက် အဲ့ဒီနောက်ပိုင်းတောက်လျှောက်ပဲ ကင်းပုန်းဝပ်တာ မြို့တွင်း စစ်ဆေးတာတွေလုပ်တယ် အဓိကကတော့ လူငယ်တွေကိုပေါ့ လူငယ်တွေထဲမှာမှ ယောက်ျားလေးတွေပေါ့ ဖမ်းတယ် စစ်ဆေးတယ် ဖုန်းတွေပါစစ်တာ အဲ့လိုတောက်လျှောက်လုပ်လာတယ် ဖမ်းလာတဲ့အရေအတွက်က အခုလက်ရှိကျနော်သိသလောက်ဆိုရင် အယောက် ၇၀ ကျော်လောက်ရှိနေပြီ။ ဒါတောင် မြေပြင်မှာပြောနေကြတာက အယောက် ၁၀၀ ကျော်လောက်ရှိတယ်ပြောတယ်။ ကျနော်သိသလောက်လက်လှမ်းမိသလောက် သိရတာကတော့ ၇၀ကျော်ဟုတ်ပီ။

မေး– ဖမ်းဆီးမှုတွေလုပ်တဲ့အခါ ဘယ်လိုလူမျိုးတွေကို အဓိကဖမ်းဆီးမှုတွေလုပ်ခဲ့လဲ။

ဖြေ အဓိကကတော့ လူငယ်တွေကိုဖမ်းတယ် ပြီးတော့ သူတို့ရဲ့သတင်းပေးတာ တိုင်ကြားတာတွေပေါ်မူတည် ပြီးဖမ်းတာတွေရှိတယ်။ အဲ့လို ဖမ်းတဲ့အခါမှာလည်း သေချာစစ်ဆေးမေးမြန်းတာတွေမရှိဘူး ဗရမ်းဗတာ ဖမ်းတာမျိုးဖြစ်နေတယ်။ ပြီးရင် သူတို့ကတော့ ကာကွယ်ရေးတပ်နဲ့ဆက်စပ်တယ်ဆိုပြီးဖမ်းတာပေါ့။ ဒါပေမဲ့ ကျနော်တို့သိရသလောက် ကာကွယ်ရေးတပ်တွေနဲ့ပတ်သက်မှုမရှိဘူး ပြီးတော့ သူတို့က ဈေးတွေထဲလိုက် ဖမ်းတာတွေပါရှိတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကာကွယ်ရေးတပ်တွေကိုက လှူဒါန်းတာတွေတော့ရှိပါတယ်။ ဥပမာ ဈေးထဲမှာဆိုရင် ပိုက်ဆံမပေးနိုင်ရင်တောင် ကြက်သွန်၊ ဘူးသီး၊ ခရမ်းသီး ဒါမျိုးလေးတွေ လှူဒါန်းတာတွေရှိတာပေါ့ အဲ့တာတွေကိုပါလိုက်တာ မိသွားတဲ့သူတွေရဲ့ထွက်ဆိုချက်တွေအရ ဖမ်းတယ်။ ပြီးရင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေပေါ့ ကာကွယ်ရေးတပ်တွေနဲ့ ဆက်စပ်တယ်ဆိုရင် ဘယ်လို ဆက်နွယ်မှုရှိရှိဖမ်းတာပဲ။

မေး– ဖမ်းဆီးခံရပြီးသေဆုံးခဲ့တဲ့ ဒေသခံနှစ်ယောက်ဘယ်လိုသေဆုံးခဲ့ရလဲ ပြောပြပေးပါအုံး။ 

ဖြေ – ဖမ်းဆီးခံရပြီးသေဆုံးခဲ့ရတာကတော့ နှစ်ယောက်ပေါ့ ဦးဝဘော်တန်ဂွန်းနဲ့ဒေါ်ခင်မာရွှေပေါ့  ဦးဝဘော်တန်ဂွန်းဆိုရင် ခလရ ၇၄ တပ်ကနေပြီး ဖမ်းပြီးစစ်ဆေးပြီးသေဆုံးသွားတာပေါ့ သေဆုံးသွားတာကိုလည်း မိသားစုကိုအကြောင်းကြား တာပဲရှိတယ်။ ပြီးတော့ ၅သိန်းပေးတယ် ဒေါ်ခင်မာရွှေကိုကျတော့ ပထမ စစ်ကြောရေးပြီးတော့ မိုးကောင်းရဲစခန်းတောင်ပြန်ရောက်လာပြီ။ ရောက်လာပြီးမှ တစ်ခါပြန်ခေါ်ပြီး စစ်တဲ့အချိန်မှာပဲ သေဆုံးသွားခဲ့တာ သူတို့တွေဘယ်လောက်တောင် ညှင်းပန်းနှိပ်စက်ခဲ့လဲ မသိဘူး။ ကျနော် သိသလောက်ကတော့ မိုးကောင်းရဲစခန်းအချုပ် မှာပဲသေဆုံးသွားခဲ့တာ။ ပြီးတော့ မိုးကောင်းရဲစခန်းနဲ့အနီးဆုံးမှာရှိတဲ့ နတ်ကြီးကုန်းရပ်ကွက်က သုတ္တံမှာမီးသဂြိုဟ်သွားတယ်ပြောတယ် မိသားစုကိုတော့ အလောင်းလည်း ပြန်မပေးဘူးပေါ့။

မေး– ဖမ်းဆီးခံရသူတွေထဲ လွှတ်မြောက်သူတွေရှိလား။

ဖြေ – လွှတ်လာတဲ့ သူက ကျနော်သိသလောက် ၁၀ယောက်လောက်တော့ရှိတယ် အဓိကကတော့ ဖမ်းဆီးခံရတဲ့ ထဲက မိန်းကလေးတွေပြန်လွှတ်လာတာ ဖမ်းပြီဆိုရင်လည်း လက်ပြန်ကြိုးတွေတုပ် ခေါင်းတွေကို အမဲတွေ စွပ်ပြီးဖမ်းတာ တော်တော်များများကို အဲ့ပုံစံပဲလုပ်ပြီးဖမ်းသွားတာ။

မေး– ဖမ်းဆီးခံရသူတွေကို ဘယ်မှာဖမ်းဆီးထားလဲ။

ဖြေ – ကျနော်သိရသလောက်ကတော့ နေရာသုံးနေရာလောက်ရှိတယ် မိုးကောင်းမြို့နယ်ထဲက ခလရ ၇၄ တပ် စကခမှာ ဖမ်းတာရှိတယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မြစ်ကြီးနား ကိုဖမ်းသွားတာရှိတယ်။ ဘယ်သူတွေကို ဘယ်နေရာတွေမှာ ဖမ်းထားလဲဆိုတာတော့ မသိရဘူး။

မေး– လက်တလောမိုးကောင်းမြို့တွင်းဒေသခံတွေရဲ့ အခြေနေပြောပြပေးပါအုံး။

ဖြေ – သွားလာနေထိုင်ရတာတော့ ရင်တထိပ်ထိပ်ပေါ့ဗျာ အရင်လို ကိုယ့်ဟာကိုယ် ပေါ့ပေါ့ပါးပါး လုပ်ကိုင်စားသောက်နိုင်တာတော့မရှိဘူးပေါ့။ ကိုယ်ကတော့ဘာမှမလုပ်ဘူး ဒီအဖွဲ့တွေနဲ့မပတ်သက်ဘူး ဆိုပေမဲ့ တစ်ဖက်လူက တိုင်ကြားလာတာမျိုးပုဂ္ဂိုလ်ရေးအရမုန်းတီးပြီးတော့ အဲ့လိုတိုင်ရင် အလကားနေရင်လည်း ဖမ်းခံရနိုင်တယ်။ ညခင်းဆိုရင်လည်း ၇ နာရီလောက်ဆိုအားလုံးက မထွက်ကြတော့ဘူး။ ဒါပေမဲ့ အိမ်မှာ နေလည်းမလုံခြုံဘူးပေါ့ အဲ့လိုဖြတ်သန်းနေကြရတာပေါ့။

မေး– စစ်တပ်ဘက်က မိုးကောင်းမြို့တွင်းလုံခြုံရေးတင်းကြပ်တာတွေရှိသေးလား

ဖြေ – စစ်တပ်ဘက်ကတော့ မြို့ဝင်မြို့ထွက်တွေမှာ စစ်ဆေးမှုတွေလုပ်တယ်။ တစ်ချို့နေရာတွေမှာဆိုကင်းပုန်းဝပ်ပြီး စောင့်ကြည့်တာတို့ စစ်ဆေးရေးတွေကတော့ ဆက်တိုက်လုပ်နေတာတွေရှိတယ်။ ညပိုင်းတွေဆိုလည်း ကင်းပုန်းဝပ်တာတွေရှိတယ် ဒေါ်ခင်မာရွှေ စစ်ကြောရေးမှာသေဆုံးပြီးတဲ့နောက်မှာတော့ ဖမ်းဆီးမှုတော့ ထပ်မကြားရသေးပါဘူး ဟိုနားစစ်ဒီနားစစ်ဒါမျိုးကတော့ ရှိနေတာပေါ့။

Show More

Related Articles

Back to top button