ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လုံးခင်းအုပ်စုထဲမှာရှိတဲ့ လမောင်(Lamawng) စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ တောမှော်(Tawmaw) တပ်စခန်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ KIO ပြောပါတယ်။
“တောမှော်တပ်စခန်းကို ဒီညနေ ၄ နာရီခွဲလောက်မှာ သိမ်းပိုက်ပြီ။ အဲဒီတပ်စခန်းလည်း တပ်စခန်းအကြီးပါဘဲ။ အဓိကကျတဲ့ လုံခြုံရေးတပ်စခန်းတွေပေါ့”လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တောမှော်စစ်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး လမောင်စစ်ဗျူဟာကုန်းနည်းတူ ရှေ့တန်းလုံခြုံရေးတပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။
KIA တပ်တွေဟာ ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ညနေပိုင်း ၄ နာရီလောက်မှာ တောမှော်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
တောမှော်တပ်စခန်းက ဖားကန့်မြို့နဲ့ ၁၀ မိုင်လောက်အကွာမှာတည်ရှိပြီး ကံဆီးကျေးရွာနဲ့လည်း နီးသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ နေရာကို အဓိက ထိန်းချုပ်နေတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကလည်း ဆက်ပြောပါတယ်။
“တောမှော်ဆိုတာက ကံဆီး KIA တပ်ရင်း ၆ ကို တက်သွားတဲ့ လမ်းနေရာမှာရှိတာဖြစ်တယ်။ အခုသိမ်းလိုက်တဲ့ လမောင်စစ်တပ်စခန်းနဲ့ လည်း လှမ်းထောက်နိုင်တယ်။ တပ်ရင်း ၆ ဘက်ကို တက်သွားတဲ့ လမ်းနေရာက စစ်တပ်ရဲ့ ကာကင်းတပ်စခန်းတစ်ခုဖြစ်တယ်”လို့ပြောပါတယ်။
လမောင်စစ်ကုန်းနဲ့ တောမှော် စစ်တပ်စခန်းဟာ ၅ မိုင်လောက်အကွာမှာသာရှိပြီး တောမှော် တပ်စခန်းမှာ စစ်ကောင်စီတပ် ခမရ ၁၂ က တပ်ထိုင်ထားတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။
KIA က တစ်ရက်ကျော်အကြာမှာပဲ ဖားကန့်မြို့တစ်ခုလုံးအပါ ဖားကန့် မြို့တွင်းမှာရှိတဲ့ စစ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်တပ်စခန်း နဲ့ ကံဆီးတပ်စခန်းနေရာတွေကို အဓိက လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း ၂ ခုကို သိမ်းပိုက်ယူလိုက်တာဖြစ်ပါတယ်။
ဒီနေ့ မနက်ပိုင်း လမောင်စစ်တပ်စခန်း သိမ်းပိုက်မှုမှာလည်း KIA ဘက်က စစ်ကောင်စီတပ်သား ၁၂ ဦးဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။
အဲဒီတပ်စခန်း ၂ ခုကို ဩဂုတ်လ ၁၄ ရက်နေ့ KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ ရက်နေ့မှာ တပ်စခန်း နှစ်ခုစလုံး သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၆ ခုလောက်ကို သိမ်းပိုက်လိုက်တဲ့ နောက်ပိုင်း အခု ၄ လခန့်အကြာမှာ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)