တရုတ်နယ်စပ်ဂိတ်တွေပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမှာ စက်သုံးဆီနဲ့ အခြေခံစားသေက်ကုန်ဈေးနှုန်းမြင့်တက်
မြန်မာ–တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကချင်ပြည်နယ် ကံပိုက်တည်နဲ့လွယ်ဂျယ်ဂိတ်တွေပိတ်လိုက်ပြီးနောက် မြစ်ကြီးနားမြို့မှာ စက်သုံးဆီနဲ့အခြေခံစားသောက်ကုန် ဈေးနှုန်းပြန်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။
မြန်မာ–တရုတ်နယ်စပ်မှာရှိတဲ့ ကချင်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါမြို့ကို KIA၊KPDF ပူးပေါင်းတပ်သိမ်းပိုက်လိုက်ပြီးနောက် ကံပိုက်တည်၊ လွယ်ဂျယ် ၊ ပန်ဝါနယ်စပ်ဂိတ်တွေကို တရုတ်ဘက်ကပိတ်လိုက်တာဖြစ်ပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့မှာ စက်သုံးဆီ၊စားသုံးကုန်နဲ့ လူသုံးကုန်၊အခြေခံစားသောက်ကုန်စျေးနှုန်း ဆက်တိုက်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။
“တရုတ်ဘက်ကလာတဲ့ပစ္စည်းတွေတက်တာပါ အခုလောလောဆယ် ဒီဇယ်၊ ဓာတ်ဆီလည်းတရုတ်ကပဲဝင်တာလေး မနေ့ကထိတော့ ၆၀၀၀ ကနေ ဒီနေ့ ၇၀၀၀၊ ၈၀၀၀ အထိတက်သွားတယ်။ ကြက်ဥလည်းဈေးတက်တယ်၊အာလူးတို့ဈေးတက်တယ်”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။
တရုတ်နယ်စပ်ဂိတ် မပိတ်ခင် ဓာတ်ဆီတစ်လီတာ ၆၀၀၀ (ခြောက်ထောင်) သာရှိပေမယ့် ဒီနေ့ တစ်လီတာ ၈၀၀၀ (ရှစ်ထောင်)၊ ကြက်ဥ တစ်လုံး ၈၀၀ (ရှစ်ရာ) ကနေ ၁၀၀၀ (တစ်ထောင်) ကျပ်၊ အားလူး ၁၀၀၀၀ (တစ်သောင်း) ကနေ ၁၃၀၀၀၊ (တစ်သောင်းသုံးထောင်)ကျပ် ၊ လက်ဖက်ခြောက်တစ်ထုတ် ကျပ် ၁၅၀၀ (တစ်ထောင့်ငါးရာ) ကနေ ၂၀၀၀ (နှစ်ထောင်) ဈေးတက်သွားပြီး အချိန်နဲ့အမျှ ဈေးတက်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။
“လောလောဆယ်တော့မပိတ်သေးဘူး နောက် လေးငါးဆယ်ရက်လောက်အေးဆေးရောင်းလို့ရတယ်။ ဆီလက်ကျန်က လမ်းဒီထက်ပိုကြာကြာပိတ်သွားရင်တော့ဆီလက်ကျန်ကုန်ပြီပိတ်ရမှာ အခုကတရုတ်ဆီပဲရောင်းနေရတာကိုး”လို့ ဆီပန့်အရောင်းဆိုင်တစ်မှအရောင်းဝန်ထမ်းတစ်ဦးရပြောပါတယ်။
မန္တလေး–မြစ်ကြီးနားလမ်းမကြီးပိတ်ထားတာကြောင့် လက်ရှိမြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည် နယ်လုံးမှာသုံးနေတဲ့စက်သုံးဆီတွေဟာ တရုတ်ဘက်ကဝင်လာတဲ့ဆီတွေဖြစ်ပြီးနယ်စပ်ဂိတ်ပေါက်တွေ ရက်ရှည်ပိတ်ထားရင်တော့ စက်သုံးဆီစျေးအဆမတန်မြင့်တက်တာ၊ စက်သုံးဆီပြတ်လပ်တာမှုတွေဖြစ်လာမှာကိုမြစ်ကြီးနားမြို့ခံတွေအထူးစိုးရိမ်နေကြပါတယ်။
ကချင်ပြည်နယ်ထဲက မြန်မာ–တရုတ်နယ်စပ်ဂိတ်သုံးခုကို ပန်ဝါမြို့သိမ်းတိုက်ပွဲ အပြီးမှာပဲ တရုတ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တာဖြစ်ပါတယ်။
By – Zaw Zaw