ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါ နေရာတစ်ချို့မှာ ငလျင် ၇ ကြိမ်ခန့်လှုပ်ခတ်လို့ နေအိမ်တစ်ချို့ထိခိုက်ပျက်စီး
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်အပါအဝင် မြို့တချို့မှာ အင်အားပြင်းမြေငလျင် ၇ ကြိမ်ခန့် လှုပ်ခတ်ခဲ့တဲ့အတွက် နေအိမ်တစ်ချို့ထိခိုက်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ၃ နာရီနဲ့ ၄ ရီကြား နာရီဝက်အတွင်း ငလျင် ၄ ကြိမ် လှုပ်ခတ်သွားပြီး နောက်ထပ် မနက် ၇ နာရီနဲ့ ၈ နာရီကြား ငလျင်ထပ်လှုပ်ခတ်သွားတယ်လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။
“ဒီမနက် ၃ နာရီ ၃၈ မိနစ် မှာ ပထမဆုံးလှုပ်တာ တော်တော်ပြင်းတယ်။ အဲဒီနောက် ၃ နာရီ ၄၇ မိနစ်နဲ့ ၄၈ မိနစ်မှာ ၂ ကြိမ်၊ ၄ နာရီထိုးခါနီးမှာ ထပ်ပြီးလှုပ်တယ်။ ဒီမနက်မိုးလင်းခါနီးမှာ ပြန်ပြီးငလျင်ထပ်လှုပ်တယ်။ ဒီလောက်ဖြစ်တာတော့ မကြုံဖူးသေးဖူး။ ဒီမနက်ဟာက ထူးခြားတယ်လို့ ပြောချင်ပါတယ်”လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီတစ်ဦး ပြောပါတယ်။
ဒီမနက် ကွတ်ခိုင်နဲ့ သိန္နီဘက်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မြေငလျင်အားဟာ မဂ္ဂနီကျု ၄.၅ အဆင့် အင်အားသင့်ငလျင်ဖြစ်ပြီး မြို့တွင်း နေအိမ်တစ်ချို့ အက်ကွဲတာတွေရှိတယ်လို့သိရပေမယ့် ထိခိုက်ပျက်စီးမှု အသေးစိတ် စုံစမ်းနေဆဲဖြစ်ပါတယ်။
မြေငလျင်ဟာ တစ်ကြိမ်လှုပ်ခတ်ရင် ၅ စက္ကန့်နဲ့ ၁၀ စက္ကန့်ကြား ကြာပြီး ၇ ကြိမ်ခန့်ရှိတယ်လို့ ဒေသခံတွေ ခန့်မှန်းပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့အပါဝင် လားရှို့မြို့တွေမှာ မြေငလျင်လှုပ်ခတ်တာတွေရှိခဲ့ပေမဲ့ ဒီမနက်ရဲ့ ငလျင်အားနဲ့ လှုပ်ခတ်တဲ့ပုံစံမှုမျိုး မကြုံခဲ့ဖူးတာကြောင့် ဒေသခံတွေကို ထိတ်လန့်စေတယ်လို့ နမ့်ဖတ်ကဒေသခံအမျိုးသားတစ်ဦး အခုလို ပြောပါတယ်။
“ငြိမ်လိုက် လှုပ်လိုက်နဲ့ မိနစ် ၃၀ အတွင်းမှာ ဆက်တိုက်ပဲ ၄ ကြိမ်လောက်အရင်လှုပ်တယ်။ ပထမဆုံးအရင်လှုပ်တာက ပိုပြင်းတာ။ အရင်ကလည်း ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုမပြင်းဘူး ဒီတစ်ခေါက်က မှတ်မှတ်ရရ၊ သတိတရပဲ လှုပ်တာ တော်တော်လန့်တယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မြေငလျင်ဟာ ကွတ်ခိုင်မြို့နယ်အပြင် နမ့်ခမ်းမြို့၊ သိန္နီမြို့ နဲ့ လားရှိုးဘက်တွေအထိ လှုပ်ခတ်သွားတယ်လို့ ဆက်လက်သိရပါတယ်။
“ငလျင်စလှုပ်ကတည်းက အိပ်လို့မရတော့ဘူး၊ ကြောက်စရာကြီး လှုပ်ခတ်နေတာ။ ကျမကလေးတောင် အမေရေ အိမ်ကဘာလို့ အဲဒီလောက်တုန်လှုပ်နေတာလဲတဲ့ သူကမသိလို့လေ။ အတကုန် လှုပ်နေတာ။ အရမ်းမပြင်းဘူးဆိုပေမဲ့ ဒီလိုဖြစ်တာတော့ တစ်ခါမှ မကြုံသေးဘူး။”လို့ကွတ်ခိုင်အနီး ခိုနောင်ဒေသခံအမျိုးသမီးကလည်း ပြောပါတယ်။
စစ်ကောင်စီလက်အောက် မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အဲဒီငလျင်ဟာ မြေပြင်အောက်အနက် ( ၁၀ )ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့တယ်လို့ ဒီမနက်မှာ ထုတ်ပြန်ထားပါတယ်။
By – ဂျာဘောက်ရာ