စစ်ကောင်စီ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဝိုင်းမော်မြို့ ငှက်ပျောခြံတစ်ခုမှာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ငှက်ပျောခြံတစ်ခုမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အချို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု ကျမ်းခမ်းကျေးရွာ ဝေဆာမနောမြေ ငှက်ပျောခြံလုပ်ကွက်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အလုပ်လုပ်နေတဲ့ အသက် ၃၂ နှစ်အရွယ် ဦးချမ်းဝူချုံးကို လက်နက်ကြီး ထိမှန် သေဆုံးခဲ့ပါတယ်။
“ကျောနဲ့ နောက်စိမှာထိတာ ဟုတ်တယ် ပွဲချင်းပြီးသေတာ တရုတ်နိုင်ငံသား တရုတ်ပြည်က သူအမျိုးသမီးပြောပြတာ သူအမျိုးသမီးကတော့ ဒီကဘဲ” လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကို မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး လက်နက်ကြီးကြောင့် တချို့ ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိတယ်လို့ ကြားသိရပေမယ့် အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။
လက်ရှိ ဝိုင်းမော်မြို့ တာစန်းကျေးရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသမီးတစ်ဦးက အခုလို ပြောပါတယ်။
“တာစန်းက လူတွေပစ်တာ ရွာမှာရှိတဲ့ စစ်သားတွေပစ်တာ အရင်ကထက်စာရင်ရွာမှာ အင်အားအရမ်းများလာတယ်။ ရွာအပြင်ဘက်မှာက ငှက်ပျောခြံတွေလည်း များတယ် သူတို့က ကေအိုင်အေရှိတယ် ဆိုပြီးပစ်တာဟုတ်တယ်” လို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့ ကျမ်းခမ်းကျေးရွာဟာ ရွှေညောင်ပင်ကျေးရွာနဲ့လည်း ထိစပ်နေပြီး တာစန်းကျေးရွာနဲ့တော့ နှစ်မိုင် ဝန်းကျင်လောက်ထိ ကွာဝေးတဲ့နေရာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ကလည်း ခိုင်မြဲ ငှက်ပျော်လုပ်ကွက် လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့လို့ အသက် ၂၄ နှစ်အရွယ် မပန်းအိဖြူ ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အသက် ၂၇ နှစ်အရွယ် ကိုခိုင်မြဲနောက်ကျော ဒဏ်ရာ (စိုးရိမ်ရ)၊ အသက် ၃၅ နှစ်အရွယ်ဒေါ်ဝင်းဝင်းသန်း ပေါင်ထိ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီဇင်ဘာ ၁၂ ရက်နေ့ ၁၀ နာရီဝန်းကျင်မှာလည်း စန်းကားကျေးရွာ ခိုင်မြဲငှက်ပျော်ခြံအနီး ထိန်မင်းငှက်ပျော်ခြံ လုပ်ကွက်မှာ လက်နက်ကြီး ထပ်မံကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် အသက်၂၅ နှစ်အရွယ် မအေးနွယ် နောက်ကျောထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေ ဆီကနေ သိရပါတယ်။
By – Hope