သတင်း

စစ်ကိုင်းတိုင်း မြို့ ၅ မြို့ကို စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ကလေးအပါအဝင် သေဆုံးမှုရှိ

ကချင်ပြည်နယ်နဲ့ ထိစပ်နေသော စစ်ကိုင်းတိုင်းထဲက ထီးချိုင့်မြို့နယ်၊ ခမ်းပတ်မြို့၊ မော်လူးမြို့ ၊ ဟုမ္မလင်းမြို့၊ ကလေးမြို့ တွေကို စစ်ကောင်စီက လေယာဉ်ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ကနေ ၁၈ ရက်နေ့အထိ  ရက်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ NUG ပူးပေါင်း တပ်တွေ သိမ်းပိုက်ထားတဲ့ ခမ်းပါတ်၊ မော်လူး တို့အပါအဝင် ဟုမ္မလင်းမြို့နဲ့ ကလေးမြို့တို့ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် ခဲ့ပါတယ်။

သုံးရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ ၄ မြို့က အသက် ၃ နှစ်အရွယ်ကလေး ၃ ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့ရပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ထီးချိုင်မြို့နယ် တုံလုံကျေးရွာကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့ မိုးမလင်းခင် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၀ နှစ် အရွယ်ကလေးတစ်ဦး ထပ်မံ သေဆုံးခဲ့ရသလို ထိခိုက်ဒဏ်ရာ ရရှိခဲ့သူကလည်း အသက် ၁၁ နှစ်သာရှိသေးတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ခမ်းပါတ်မြို့နဲ့ ပတ်သက်ပြီး KIA အရာရှိတစ်ဦးက ခမ်းပါတ်မြို့ရဲ့ လက်တလော စစ်ရေးအခြေနေက ပုံမှန်အတိုင်းပါပဲ။ ဒါပေမဲ့ သတင်းပေါ့နော် ဒီစစ်ကိုင်းတိုင်းဘက်မှာ NUG ရုံးထိုင်ဘာညာ ကြားတော့ သူတို့ထင်တဲ့အထင်တွေတော့ရှိတာပေါ့။ ဒါပေမဲ့ ဒီဘက်မှာကပုံမှန်အတိုင်းပါပဲ တော်လှန်ရေးတပ် ဘက်ကလည်း ဘာမှထူးထူးခြားခြားသွားတိုက်နေတာတော့ မရှိပါဘူး။ ဒါသူတို့ထင်မြင်ချက်အနေနဲ့ဒီလေကြောင်းတိုက်ခိုက်မှု တွေလုပ်ဆောင်လာတာလို့မြင်ပါတယ်။” လို့ပြောပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG က စစ်ကိုင်တိုင်းထဲမှာ ပြည်ထောင်စုအဆင့်ရှိတဲ့ ရုံးထိုင်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်မယ်လို့ NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြီးခဲ့တဲ့အပတ် Myanmar Now အင်တာဗျူးမှာ အသိပေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုအသိပေးပြီးနောက်ပိုင်း ဇန်နဝါရီလ ၁၆ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်းထဲက KIA နဲ့ NUG တို့ပူးပေါင်းသိမ်းပိုက်ကာ NUG အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေတဲ့ မော်လူးမြို့နဲ့ ခမ်းပါတ်မြို့တို့ကို နာရီပိုင်းပဲခြားပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ဟုမ္မလင်းမြို့နဲ့ ကလေးမြို့၊ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ထီးချိုင့်မြို့ကိုပါ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အဲဒီတိုက်ခိုက်မှုတွေဟာ NUG က စစ်ကိုင်းတိုင်းထဲရုံးထိုင်မယ်လို့ ထုတ်ပြောလိုက်တာနဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်နေကြပါတယ်။

စစ်ကောင်စီတပ်က ဒီတစ်ပတ်အတွင်းလေကြောင်းဆက်တိုက်အသုံးပြုတိုက်ခိုက်လာတဲ့အပေါ် အမည်မဖော်လိုတဲ့ နိုင်ငံရေးနဲ့ စစ်ရေး လေ့လာသုံးသူတစ်ဦးက စစ်တပ်ကကြဲချင်တဲ့နေရာ ကြဲနေတာပဲလို့ မြင်ပါတယ်။ လို့ပြောပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ လေယာဉ် ဗုံးကျဲတိုက်ခိုက်ခံ ခဲ့ရတဲ့မြို့အများစုဟာ စစ်ရေးအရ အရေးပါတဲ့ မြို့တွေ ဖြစ်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

ထီးချိုင့်မြို့ဟာ မန္တလေးမြစ်ကြီးနားလမ်းမကြီး နဲ့ ဧရာဝတီမြစ်ဘေးမှာရှိပြီးတော့ ကချင်ပြည်နယ်ကို ဝင်ရောက်နိုင်တဲ့ ဝင်ပေါက်တစ်ခု ဖြစ်ပါတယ်။

ခမ်းပါတ်မြို့ကတော့ စစ်ကိုင်းအိန္ဒိယနယ်စပ် ထွက်ပေါက်တစ်ခုဖြစ်ပြီး စစ်ရေးအရအရေးပါတဲ့ မြို့တစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့တစ်ရက်တည်းမှာပဲ မော်လူးမြို့၊ မြမာလာရပ်ကွက်လေကြောင်းတိုက်ခိုက်မှုမှာ အမျိုးသမီး တစ်ဦးအပါအဝင် အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ခမ်းပါတ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၃ နှစ်အရွယ်ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့‌တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဇန်ဝါရီလ ၁၇ ရက်နေ့ ဟုမ္မလင်းမြို့ ရာလားဒီရွာ ရွှေမှော်လုပ်ကွက်လေကြောင်းတိုက်ခိုက်ခံရမှုမှာတော့ ထိခိုက်ဒဏ်ရာရ တာ မရှိခဲ့ဘဲ၊ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက် ၇ နာရီက ကလေးမြို့နယ် လေကြောင်းတိုက်ခိုက်မှုမှာတော့ အရပ်သားသေဆုံးမှု မရှိခဲ့ဘဲ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ရတယ်လို့ အတည်ပြုနိုင်ခဲ့ပေမဲ့ ဖုန်းနဲ့ အင်တာနက်လိုင်း ခက်ခဲတဲ့အခြေနေတွေကြောင့် မြေပြင်အခြေနေနဲ့ ကွဲလွဲမှုတွေ ရှိနိုင်ပါတယ်။

အခုနှစ်ဆန်းပိုင်းက စတင်ပြီး စစ်ကောင်စီတပ်ဟာ မြန်မာပြည်အနှံ တိုင်းရင်းသားတော်လှန်ရေးတပ်မတွေ ထိန်းချုပ်ထားတဲ့ ကချင်၊ ရှမ်းမြောက်၊ စစ်ကိုင်း နဲ့ ရခိုင်ဒေသ တွေမှာ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ များပြားခဲ့ပါတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ကတော့ စစ်ကောင်စီတပ်ကြောင့် အာဏာသိမ်းပြီးချိန်ကစ ဇန်နဝါ ရီလ ၂၀ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်း အရပ်သား ၆၁၉၀ ဦးသေဆုံးခဲ့ရပြီလို့ ထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button