သတင်း

မြစ်ကြီးနား-မန္တလေး ခရီးစဥ်ကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ကားသမားတွေ အကြံပြု

မြစ်ကြီးနားမန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီ နဲ့ ကာကွယ်ရေးတပ်တွေက စစ်သားစုဆောင်းရေး အပြင်းအထန် ပြုလုပ်နေတဲ့အတွက် တစ်စုံတစ်ရာအရေးကြီးကိစ္စမရှိဘဲ ခရီးမသွားကြဖို့ ကားသမားတွေက ပြောပါတယ်။

လူငယ်နဲ့ လူလတ်ပိုင်းအရွယ်၊ ကျားမ မရွေးကို စုဆောင်းရေးခေါ်ယူနေတယ်လို့ အမည်မဖော်လိုသူ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။

ဟိုတလောက ကျနော့ကားပေါ်က မြစ်ကြီးနားက လိုက်လာတဲ့ ကချင်မိန်းကလေးတစ်ယောက်ကို KIA ဂိတ်ကခေါ်ထား လိုက်တယ်။ အဲ့လိုခေါ်ထားပြီး စစ်ဆေးစရာရှိတာစစ်ဆေးပြီး ၂ နာရီလောက်နေမှ နောက်ကားတစ်စီးနဲ့ထည့်ပေးလိုက်တယ် အဲ့လိုမျိုးပေါ့ ဒါကမိန်းကလေးမို့ပေါ့လေ။ ကျနော်တို့သုံးသပ်ရရင် အခုအခြေနေက မလိုအပ်ရင်မသွားတာအကောင်းဆုံးပဲ။ နှစ်ဖက်လုံးမှာအဲ့လိုဖြစ်နေတာ။ လူငယ်ဆိုရင်တော့မသွားတာအကောင်းဆုံးဘဲလို့ ပြောပါတယ်။

အရေးပေါ် နာမကျန်းဖြစ်လို့ ဆေးကုသရမယ့်သူတွေအနေနဲ့လည်း မြစ်ကြီးနားမန္တလေး ကားလမ်းပိုင်းကို အသုံး မပြုကြဖို့ ကားသမားတွေက အကြံပြုပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမန္တလေး လမ်းပိုင်းပေါ်မှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားတာ တွေရှိနေပြီး အချိန်အခါ မရွေးလမ်းပိတ်တာတွေရှိနေတယ်လို့ ကားသမားတွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကနေ ၂၂ ရက်နေ့အထိဆိုရင် ခင်ဦးမြို့နယ်လမ်းဆုံတစ်ဝှိုက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ မြစ်ကြီးနားမန္တလေး လမ်းပိုင်းကို ၄ ရက်တိတိ ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာလည်း မြစ်ကြီးနားမန္တလေးလမ်းပိုင်းတစ်နေရာမှာ ဖြတ်သန်းသွားလာခွင့်ပိတ်ထားပြန်တယ်လို့ ကားသမားတွေက ပြောပါတယ်။

မနေ့ကတစ်ရက်ကတော့လမ်းပွင့်သွားတယ်ပေါ့ဗျာ။ ဒါပေမဲ့ အတက်အဆင်းကားတွေများပြီး အချင်းချင်းပြန်ပိတ်ကြရော အခုမနက်ကိုတော့ပြန်ပိတ်လိုက်တယ်တဲ့။ ရက်အကန့်အသတ်မရှိပိတ်တယ်ဆိုပြီးလည်း စာရွက်တွေကြဲ။ ကားသေးတွေကို တော့ သွားခွင့်ပေးတယ်။ ဘယ်လိုဖြစ်မလဲတော့မသိသေးဘူးလို့ အထက်ပါကားသမားက ဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မြစ်ကြီးနားမန္တလေး လမ်းပိုင်းအခြေနေကို ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ အင်းတော်မြို့အတွင်း တိုက်ပွဲ ဖော်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

မြစ်ကြီးနားမန္တလေးလမ်းပိုင်းအတွင်း ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ မော်လူးမြို့ကနေ ထီးချိုင့်မြို့နယ် ကျောင်းကုန်း လမ်းဆုံ အထိအသုံးပြုခွင့် ပိတ်ထားတာဖြစ်ပြီး တစ်ခါတစ်ရံတိုက်ပွဲဖြစ်ရင် တောလမ်းအသုံးပြုခွင့်ကိုပါ မပေးဘဲ လမ်းပိတ်တာ မျိုးတွေ ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ကာလမှာ မြစ်ကြီးနားမန္တလေးလမ်းပိုင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ဂိတ်တွေ များပြားလာတယ်လို့ ကားသမားတွေက ဆိုကြပါတယ်။

မြစ်ကြီးနားမန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားရှိ စစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ ရွှေဘိုနယ်တွေထဲမှာ အများဆုံးဖြစ်ပြီး လက်နက်ကိုင်တပ်တွေ အခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက်မနည်းရှိတယ်လို့ ကားသမားတွေကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button