သတင်း

မန်တုံ KIA တပ်စခန်း နဲ့ တိုက်နယ်ရုံးတွေကို TNLA ဆက်တိုက် စီးနှင်းသိမ်းပိုက်

မန်တုံမိုးမိတ်သွားလမ်းပေါ်ရှိ KIA တပ်စခန်းတွေနဲ့ တိုက်နယ်ရုံးတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော TNLA က အင်အားနဲ့ ဝင်စီးပြီး  တပ်စခန်းနဲ့ ရုံးနေရာတစ်ခုပြီး တစ်ခုကို သိမ်းပိုက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

KIA တပ်မဟာ ၄၊ တပ်ရင်း ၃၄ နယ်မြေ မန်တုံမြို့နယ် မိုးမိတ်ဘက်သွားလမ်းပေါ်ရှိ မန်ဖန် (Manhpang) ကျေးရွာ၊ ရောကျန်း (Rawchyan) ရွာနဲ့ မန်ဘွန်း(Manbun) စတဲ့ ကျေးရွာတွေမှာရှိတဲ့ KIO တိုက်နယ်ရုံးနဲ့ KIA တပ်ခွဲစခန်းဂိတ် ၃ နေရာကို TNLA တပ်ဖွဲ့က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အင်အားနဲ့ ဝင်စီးခဲ့ပြီး KIA တပ်သားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့ပြီး လက်နက် ပစ္စည်းအားလုံး သိမ်းဆည်းလိုက်ကြောင်း သိရပါတယ်။

အဆိုပါ ပြဿနာကို သက်ဆိုင်ရာအရာရှိများ အချင်းချင်း ညှိနှိုင်းပြီးပြေလည်နိုင်အောင် TNLA ဖမ်းဆီးထားတဲ့ KIA တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေကိုတော့ ပြန်လည်ပေးခဲ့ပေမဲ့ KIO တိုက်နယ်ရုံးနဲ့ တပ်စခန်းနေရာတွေကိုတော့ TNLA က သိမ်းယူလိုက်ပြီလို့ KIA နဲ့ နီးစပ်သူ ဒေသခံတစ်ဦး KNG ကို ပြောပါတယ်။  

“TNLA ရိုက်နှက် ဖမ်းဆီးခဲ့တဲ့ KIA တပ်ဖွဲ့ဝင်တွေနဲ့ သူတို့သိမ်းဆည်းလိုက်တဲ့ လက်နက်တွေကိုတော့ အချင်းအချင်း ညှိနှိုင်းကြပြီး ပြန်လွတ်ပေးတာ၊ ပြန်ပေးတာတွေတော့ရှိပြီ။ အခုတော့ ဒီပြဿနာ ပြေလည်အောင်တော့ ညှိနှိုင်းပြောထားပြီးပြီလို့ပြောလို့ရပေမဲ့ နေရာကတော့ KIA ပြန်မရတော့တာပေါ့။ နေရာကိုတော့ TNLA ရယူလိုက်ပြီ။ KIA ဘက်က ဆုတ်ခွာလိုက်ရပြီဖြစ်တယ်။” လို့ မန်တုံဒေသ KIA နဲ့ နီးစပ်သူဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ပြဿနာဖြေရှင်းပြီးနောက် ဖေဖော်ဝါရီ  ၂၅ ရက် ဒီနေ့မနက် ထပ်မံပြီး TNLA က မန်တုံမြို့နယ်ရှိ KIO မန်ဘတ်(Manbat) တိုက်နယ်ရုံးကို ထပ်ဝင်စီး သိမ်းယူလိုက်တယ်လို့ ဆက်လက် သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က မန်ဘွန်း KIO တိုက်နယ်ရုံးနဲ့ KIA တပ်စခန်း ၃ ခုကို TNLA ဝင်စီးချိန် အင်အား ၃၀၀ ခန့်အသုံးပြုခဲ့ပြီး ဒီနေ့မနက် မန်ဘတ် KIO တိုက်နယ်ရုံးကို ဝင်စီးချိန်မှာတော့ TNLA အင်အား ၁၀၀ ခန့် နဲ့ ဝင်ရောက်စီးနှင်း သိမ်းပိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

လက်ရှိ TNLA တပ်က ဝင်စီးပြီး သိမ်းယူနေတဲ့ KIO တိုက်နယ်ရုံးတွေနဲ့ တပ်စခန်းနေရာတွေဟာ မန်တုံမြို့ကနေ မိုးမိတ်ဘက်သွားလမ်း ကား၊ဆိုင်ကယ်နဲ့ ၁ နာရီဝန်းကျင်လောက်သွားရတဲ့ အကွာအဝေးမှာ တည်ရှိပါတယ်။

အဲဒီနေရာတွေဟာ KIA တပ်ရင်း ၃၄ အောက် တပ်ခွဲစခန်းတွေ အခြေစိုက်နေရာယူထားတဲ့ နယ်မြေဖြစ်ကာ စခန်းတစ်ခုမှာ လူအင်အား ဆယ်ဂဏန်းသာရှိနေချိန် TNLA ဘက်က အင်အား နဲ့ ဝင်စီးပြီး ရုံးပိုင်းဆိုင်ရာပစ္စည်းတွေကို သိမ်းယူလိုက်တာလို့ ဆိုပါတယ်။

TNLA ဝင်စီးလာတဲ့အချိန် သေနတ်ပစ်ဖောက်သံနဲ့ ဝင်လာတာဖြစ်တယ်။ KIA ဘက်က ကျည်တောင့်တောင် မထိုးထားဘူး။ သူတို့က သေနတ်အားလုံး သိမ်းလိုက်တယ်။ သေနတ်တော့ ပြန်ပေးတယ်၊ လူတော့ ပြန်လွတ်တယ်ဆိုပေမဲ့ KIA ပိုင်ဆိုင်တဲ့ တိရစ္တာန်တွေ၊ ရုံးပိုင်းဆိုင်ရာပစ္စည်း ကိရိယာတွေအားလုံးက သူတို့သိမ်းယူလိုက်တယ်။ သူတို့က ဘယ်လိုခံယူချက်၊ ဘယ်လိုအမြင်နဲ့ လုပ်နေတယ်။ ကျနော်တို့ဘက်ကလည်း ဘယ်အချိန်ထိ သည်းခံနေရအုံးမလဲ၊ ဒါကိုတော့ ဖြစ်နိုင်ရင် အထက်လူကြီးတွေကို အလေးနက်ထားစေချင်တယ်။” လို့ မန်တုံဒေသ KIA နဲ့ နီးစပ်သူဒေသခံက ဆက်ပြောပါတယ်။ 

မန်တုံဒေသ TNLA တပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တို့ နှစ်ဖက်တပ်အကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ပြေးရေးဆိုခွင့်အဖွဲ့ကို KNG က ဆက်သွယ်ကြိုးစားနေပေမဲ့ ပြန်လည်အကြောင်းပြန် ဖြေကြားပေးခြင်း မရှိသေးပါဘူး။

မန်တုံဒေသမှာ KIA တပ်စခန်း မချဖို့  TNLA ဘက်က လိုက်လံပြောဆိုနေခဲ့တဲ့အဆင့်ကနေ လက်ရှိမှာတော့ အင်အားအလုံးအရင်းနဲ့ တိုက်ရိုက်ဝင်စီးပြီး သိမ်းယူတဲ့ အဆင့်ထိ ဖြစ်လာခဲ့တာလို့ ဒေသခံတွေ ပြောပါတယ်။

ဒီကိစ္စရပ်တွေနဲ့ပတ်သက်ပြီး မြေပြင်က တပ်ရင်းမှူးတွေ၊ တိုက်နယ်တာဝန်ရှိသူတွေ မဖြေရှင်းနိုင်တော့တဲ့ အနေအထား ကြုံတွေ့နေရကြောင်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

အဲဒီဒေသတစ်ဝိုက်မှာ ကျနော်တို့ရဲ့ ရုံး၊ ဂိတ်၊ တပ်စခန်းတွေ အထိုင်မချဖို့ TNLA ရဲ့ပြောဆိုချက်အပေါ် အထက်လူကြီးတွေ အချင်းချင်း ညှိနှိုင်းဆွေးနွေးယူရလိမ့်မယ်လို့ ပြောထားတယ်။ အခုဖြစ်နေတဲ့ ပြဿနာကို မြေပြင်က တပ်ရင်းမှူးတွေ၊ တိုက်နယ်တာဝန်ရှိသူက မဖြေရှင်းနိုင်တော့ဘူး။ အထက်ညွှန်ကြားချက်လိုပြီ ဖြစ်တာကြောင့် အထက်ကို လျှောက်ထားတယ်။ အထက်ကို ဆိုတာက တိုင်းစစ်ဌာနချူပ်၊ တပ်မဟာဌာနချူပ် တွေကို ပြောတာ။ သူတို့အနေနဲ့ TNLA နဲ့ ညှိနှိုင်းတဲ့အခြေအနေနဲ့ တပ်စခန်း ဆက်ထားတယ်၊ မထားဘူး၊ ဘယ်လိုဆက်လုပ်မယ်ဆိုတဲ့ အချက်တွေကို မကြားသိရသေးဘူး။ ကျနော်တို့ ဗဟိုဌာနချူပ်ကလည်း တိုင်းစစ်ဌာနချုပ်၊ တပ်မဟာမှူးတွေရဲ့ ဖြေရှင်းချက်အဖြေကို အရင်စောင့် နားထောင်ရအုံးမယ်။ လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။   

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းလွတ်မြောက်ရေးအဖွဲ့ TNLA တို့ နှစ်ဖွဲ့ကြား မန်တုံမြို့နဲ့ နမ့်ခမ်းမြို့ကြားရှိ  မိုင်းဝီးဒေသမှာ နယ်မြေအငြင်းပွားမှု ပြဿနာတွေ ဆက်တိုက်ဖြစ်ပွားလာပြီးနောက် အထက်လူကြီးတွေအချင်းချင်း ညှိနှိုင်းဆွေးနွေးမှာဖြစ်တာကြောင့် မြေပြင်မှာ ပြဿနာတွေ ဆက်မဖြစ်ဖို့ တားဆီးထားနိုင်တာ ဖြစ်ပါတယ်။

ထိုနည်းတူ မန်တုံမြို့အနီးတဝိုက်ရှိ KIA ဂိတ်စခန်းတွေကို TNLA ဘက်က လိုက်လံမောင်းထုတ်နေတဲ့ ပြဿနာတွေကိုလည်း အထက်လူကြီးတွေ အချင်းချင်း ဆွေးနွေးညှိနှိုင်းထားပြီး မြေပြင်မှာ အချင်းချင်း ပွတ်တိုက်မှု ပြဿနာမဖြစ်ပွားအောင်နေဖို့ ပြေလည်ထားကြပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပြဿနာ ထပ်မံဖြစ်ပွားလာတဲ့ နေရာတွေကတော့ မန်တုံနဲ့ မိုးမိတ်ကြားရှိ KIA ဂိတ်စခန်းနဲ့ တိုက်နယ်ရုံးတွေကို TNLA ဘက်က လိုက်လံဖယ်ရှားနေတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

ဒီပြဿနာတွေကို နှစ်ဖက် ဗဟိုဌာနချူပ်အဆင့် မကိုင်တွယ်ခင် ရှမ်းမြောက် KIA တောင်ပိုင်းတိုင်းစစ်ဌာနချူပ်နဲ့ တပ်မဟာဌာနချူပ်အဆင့်နဲ့  တစ်ဖက်က သက်ဆိုင်ရာ TNLA အထက်တာဝန်ရှိသူ လူကြီးပိုင်းတွေ အချင်းချင်း တွေ့ဆုံ ညှိနှိုင်းနိုင်ဖို့ ကြိုးစားနေဆဲ အခြေအနေမှာ ဖြစ်နေတယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ မြို့ကြီးတချို့နဲ့ မန်တုံမြို့၊ နမ့်ဆန်မြို့တွေကို သိမ်းပိုက်ထားတဲ့ TNLA ဟာ အဲဒီမြို့နေရာတွေကို PSLF/TNLA ဌာနချုပ်နယ်မြေ သတ်မှတ်ဖို့ အကောင်အထည်ဖော်နေတာကြောင့် ဒီနယ်မြေတွေမှာ အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တပ်စွဲအထိုင်ချခြင်း ခွင့်မပြုနိုင်ကြောင်း TNLA ရဲ့ ပြောကြားချက်၊ ညွှန်ကြားထားချက်နဲ့အညီ မြေပြင်မှာရှိနေတဲ့ KIA တွေကို လိုက်လံရှင်းထုတ်နေခြင်း ဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

တစ်ဖက်မှာလည်း မိုးမိတ်၊ မန်တုံ၊ မုံးမော် (မိုင်းမော်)၊ မုံးဝီး(မိုင်းဝီး) ၊ နမ္မတူမြို့ စတဲ့ ဒေသတွေဟာ ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၄ ၊ တပ်ရင်း ၃၄ နယ်မြေဖြစ်ကာ ၁၀၂၇ စစ်ဆင်ရေး မစတင်ခင် ယခင်စစ်တပ် အုပ်စိုးခဲ့စဉ် ကတည်းက KIO/KIA အုပ်ချူပ်ရေးယန္တရားရှိနှင့်ကာ လှုပ်ရှားနယ်မြေ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ TNLA နဲ့ KIA နှစ်ဖွဲ့ကြား ဖြစ်ပွားနေတဲ့ ပြဿနာတွေထဲမှာ GMH ( ဒေသကာကွယ်ရေးအဖွဲ့) အမည်ဖြင့် အရပ်သားတွေပါ အင်တိုက်အားတိုက် ပါဝင်ကြတာကြောင့်  ဒေသခံပြည်သူလူထုတွေကတော့ လက်နက်ကိုင်းအချင်းချင်းကြား ဖြစ်ပွားနေတဲ့ ပြဿနာကနေ လူမျိုးရေးပဋပက္ခာတွေအထိ ပြဿနာကြီးထွားလာမှာ စိုးရိမ်နေကြတာပါတယ်။

ဒါကြောင့် ရှမ်းမြောက်က တော်လှန်းရေးတပ်ဖွဲ့တွေ အချင်းချင်းဖြစ်ပွားနေတဲ့ ပြဿနာတွေကို နှစ်ဖက်တပ် အထက်ဗဟိုဌာနချူပ် ပိုင်းက လျစ်လျူရှု မထားပဲ အလေးနက်ထား အမြန်ဆုံး တာဝန်ယူ ဖြေရှင်းပေး၊ ဆောင်ရွက်ပေးနိုင်ဖို့ လူထုတွေ တောင်းဆိုနေပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button