မြစ်ကြီးနား-မန္တလေး ယာဥ် ၇၀၀ နီးပါး ပိတ်မိနေပြီး ကုန်စိမ်းနဲ့ အသားငါး ပုပ်သိုး

မြစ်ကြီးနား–မန္တလေးကားလမ်းပိုင်း ပိတ်ထားတာတစ်ပတ်နီးပါးရှိလာတာနဲ့အမျှ ယာဥ်တန်း ၇၀၀ နီးပါး ပိတ်မိနေပြီး ကုန်တင်ဆောင်လာတဲ့ ကုန်စိမ်းနဲ့ စားသောက်ကုန်တစ်ချို့ပုပ်သိုးသွားတယ်လို့ ကားသမားတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစလို့ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းက ခင်ဦး၊ ကန့်ဘလူ ဒေသတစ်ဝှိုက်ကို စစ်ကောင်စီ က စစ်ကြောင်းထိုးလာပြီး နှစ်ဖက်တပ် စစ်ရေးတင်းမာနေတဲ့အတွက် ကာကွယ်ရေးတပ်တွေက ယာဥ်သွားလာခွင့်ကို အကန့်အသတ် မရှိ ပိတ်လိုက်တာလို့ သိရပါတယ်။
ကားသမားတစ်ဦးက “ ခရီးသည်ယာဉ် ကားသေး ကားကြီး ကုန်ကား ဆီကားကအစ ၇၀၀ နီးပါ ရှိတယ်လို့သိရပါတယ်။ ကုန်စိမ်းတင်လာတဲ့ ကားတွေ ငါးပါတဲ့ ကားတွေဆို ပုတ်အနံတွေ ထွက်ကုန်ပြီ။ ကွမ်းရွက်နဲ့ကွမ်းသီးတွေဆိုပုပ်ကုန်ပြီ။ ကုန်သည်တွေ အရှုံးတွေနဲ့ ရင်ဆိုင်နေရတော့မှာပဲလို့ စိတ်ပူနေကြပါတယ်” လို့ ပြောပါတယ်။
ကားလမ်းပိတ်ထားပေမယ့် လမ်းပိုင်းမှာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာမျိုး မတွေ့ရသေးဘူးလို့ ကားသမားတွေ ပြောပါတယ်။
ကားလမ်းပိတ်မှုကြောင့် ကားသမားတွေက ကွင်းလမ်းအသုံးပြုသွားလာရတာကြောင့် ကားပျက်စီးမှုဒဏ်ကို ကြုံတွေ့နေရတယ်လို့ နောက်ထပ်ကားသမားတစ်ဦးက ပြောပါတယ်။
“အခုက ကွင်းလမ်းဘာညာကနေသွားခိုင်းတာတော့ရှိတယ်။ ဒါပေမဲ့ အဲ့လမ်းတွေကဆိုးတော့ ကားတွေကလည်းပျက်ပြီး ပြန်ပိတ်မိကုန်တဲ့အခြေနေပါ။ ဖြစ်နိုင်မယ်ဆိုရင် ခုရက်ပိုင်းတွေမှာ ကားနဲ့ခရီးမသွားတာကောင်းပါတယ်။” လို့ ပြောပါတယ်။
ဒါ့အပြင် မြစ်ကြီးနား–မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီနဲ့ KIA၊PDF နှစ်ဖက်တပ်က စစ်သားစုဆောင်းရေးတွေ အပြင်းအထန် ပြုလုပ်နေတဲ့အတွက် ကားသမားတွေကတော့ အရေးကြီးကိစ္စမရှိရင် ခရီးမသွားကြဖို့ အကြံပြုထားပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက အင်းတော်မြို့ အတွင်း တိုက်ပွဲဖော်ဆောင်နေခဲ့တာဖြစ်ပြီး အဲ့ကာလကတည်းက စစ်ရေးအခြေနေပေါ်မူတည်ပြီး မြစ်ကြီးနား–မန္တလေး လမ်းပိုင်းက မကြာခဏပိတ်လေ့ ရှိပါတယ်။
အင်းတော်မြို့သိမ်းတိုက်ပွဲ စတင်ချိန်က စလို့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းအတွင်း ကာကွယ်ရေး ပူးပေါင်းတပ်တွေဟာ မော်လူးမြို့ကနေ ထီးချိုင့်မြို့နယ် ကျောင်းကုန်း လမ်းဆုံ အထိသာအသုံးပြုခွင့်ပိတ်ထားပြီး ကားသမားတွေဟာ အင်းတော်မြို့ကိုရှောင်သွားရတဲ့ တောလမ်းကိုသာအသုံးပြုနေရတာ ၇ လနီးပါးရှိလာပြီဖြစ်ပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေတဲ့ကာလမှာ မြစ်ကြီးနား–မန္တလေးလမ်းပိုင်း စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ဂိတ်တွေ များပြားလာတယ်လို့လည်း ကားသမားတွေက ဆိုကြပါတယ်။
မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားရှိ စစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ ရွှေဘိုနယ်တွေထဲမှာ အများဆုံးဖြစ်ပြီး လက်နက်ကိုင်တပ်တွေ အခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက်မနည်းရှိတယ်လို့ ကားသမားတွေကပြောပါတယ်။
By – အမိုး