သည်းထိပ်ဖွယ် ကလေး ၃ ဦးသတ်ဖြတ်ခံရမှု ဖြစ်စဉ်ကို KIO အနေနဲ့ ထိရောက်စွာ ကိုင်တွယ်ပေးဖို့ ဒေသခံများ တောင်းဆို

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချူပ် လိုင်ဇာမြို့အနီးရှိ ဂျေယန့် (Jeyang) စစ်ဘေးရှောင်စခန်းက မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲပြီး သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်ကို ထိရောက်စွာ စစ်ဆေး အရေးယူပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။
ဂျေယန့်စစ်ဘေးရှောင်စခန်းက ၁၀ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် ၃ ဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကစ ပြန်ပေးဆွဲ ခံရပြီးနောက် ၃ ရက်အကြာမှာ တရားခံကိုဖမ်းဆီးရမိပြီး ကလေးငယ် ၃ ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ကလေးငယ် ၃ ယောက်ကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့သော တရားခံကို လက်ရှိ သက်ဆိုင်ရာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဖမ်းဆီးထားပြီလို့ သိရပါတယ်။
“တရားခံကို ဖမ်းဆီးထားပြီး စစ်ဆေးနေတုန်းဖြစ်လို့ သေချာ မသိရသေးဘူး။ တရားခံက ကလေးတွေကို ကြိုးနဲ့တုတ်ပြီး အလောခက် (Alaw hkyet) တောင်ကြားမှာ ထားထားပြီး ငွေနဲ့ လဲယူဖို့ ကြိုးစားတာပေါ့။ နောက်အားလုံး ဝိုင်းရှာကြတော့ ဘယ်အချိန် သတ်လိုက်မှန်းတောင်မသိဘူး။ ကလေး ၂ ယောက်ကိုတော့ ရေချောင်းမှာ ကျောက်တုံးနဲ့ ဖိသတ်ထားတာ။ တစ်ယောက်ကိုတော့ ကြိုးဆွဲသတ်ထားတာ။ ကလေးတွေရဲ့ အလောင်းပဲ ပြန်ရခဲ့တာဖြစ်တယ်။” လို့ ဂျေယန်စစ်ဘေးရှောင် စခန်းက အမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။
သတ်ဖြတ်ခံခဲ့ရသူ ကလေးငယ် ၃ ဦးဟာ မနန်းဇိန်းဂျီးအောင် ( အသက် ၁၀ နှစ်)၊ မဖောင်ယမ်ဆွတ်ဆိုင်းအိန် ( အသက် ၁၁ နှစ်) နဲ့ မလထောက်ရွယ်ဂျီ( အသက် ၁၀ နှစ်) တို့ဖြစ်ပါတယ်။
ကလေးတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့သူကတော့ အသက် ၂၅ နှစ်အရွယ် ကလေး ၁ ယောက်အဖေ ဦးအုန်းဆောင်းဒွဲအောင် ဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေပိုင်းက ကလေး ၃ ဦး အသီးသွားခူး စားရင်း လမ်းမှာပျောက်သွားပြီးနောက် တရားခံက ကလေးတွေကို လက်ပြန်ကြိုးတုတ်၊ ခြေထောက်ကြိုးချည်ကာ၊ မျက်စိ ပါးစပ်ကို အဝတ်နဲ့စည်းပြီးနောက် ဂျေယန်စစ်ဘေးရှောင်စခန်းက မူကြိုဆရာမတစ်ဦးထံ WeChat ပုံပို့ပြီး ကလေးတွေကို တရုတ်ငွေ ယွမ် ၃ သိန်းနဲ့ လာရွေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အဲဒီနောက် မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုက်လံရှာဖွေခဲ့သော်လည်း တရားခံဟာ ကလေးတွေကို တောထဲမှာ သတ်ဖြတ်ထားပြီး ဒွမ်ဘုန် (Dumbung) ဘက်မှာ သွားရောက်ပုန်းကွယ်နေချိန် ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
တရားခံကို ဖမ်းဆီးစစ်ဆေးပြီးနောက် ဖေဖော်ဝါရီ ၂၅ ရက်နေ့ည ၁၁ နာရီမှာ ကလေး ၂ ယောက်ရဲ့အလောင်းကို တောထဲမှာ တွေ့ရှိခဲ့ပြီး ဒီကနေ့ မနက်မှာတော့ နောက်ထပ်တစ်ယောက်ရဲ့ အလောင်းကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
ဒီကနေ့ မွန်လွဲပိုင်း ၃ နာရီလောက်မှာတော့ သတ်ဖြတ်ခံခဲ့ရသူ ကလေးငယ် ၃ ဦးရဲ့အလောင်းကို သဂြိုလ်လိုက်ပြီလို့ သိရပါတယ်။
“တရားခံ အုန်းဆောင်း ဒွဲအောင်ရဲ့ မိန်းမက ဒွမ်ဘုန် (Dumbung) ရွာက ဂျေယန်မှာ ကျောင်းဆရာမလုပ်နေတာ သူ့မိန်းမရဲ့ သူငယ်ချင်းဖြစ်သူ ဆရာမရဲ့ အကောင့်ဆီအက်ပြီး ဆောင်းဦး ဆိုတဲ့ အကောင့်နာမည်နဲ့ စကားပြောလာတာဖြစ်တယ်။ လောလောဆယ် တရားခံက တစ်ယောက်ပဲ။ တရားခံဘယ်နှဦးလည်းဆိုတာ စစ်ဆေးနေတုန်းလို့ သိရပါတယ်။ ဘယ်လိုဖြစ်လာမယ် မသိရသေးဘူး။” လို့ ဂျေယန်စစ်ဘေးရှောင်စခန်းက အမျိုးသားတစ်ဦးကလည်း ပြောပြပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ကြိုးဆွဲသတ်ဖြတ်ခံရတဲ့မနန်းဇိန်းဂျီးအောင် ( အသက် ၁၀ နှစ်) ရဲ့ ဖခင်ဖြစ်သူနဲ့ အလုပ်အတူ လုပ်ကိုင်ခဲ့ဖူးသူဖြစ်တယ်လို့ ဂျေယန်စစ်ဘေးရှောင်စခန်းက အမျိုးသမီးက ပြောပြပါတယ်။
KIO ထိန်းချူပ်နယ်မြေ လိုင်ဇာမြို့ နဲ့ နယ်စပ်တစ်ကြောမှာ အခုလို ဖြစ်ရပ်မျိုး အရင်က မရှိခဲ့ဖူးသလို ဒီလိုဖြစ်ရပ်မျိုးကြောင့် အားလုံးထိတ်လန့်ရပြီး သက်ဆိုင်ရာ KIO အစိုးအနေနဲ့ အမှုကို ထိရောက်စွာ ဖော်ထုတ် အရေးယူပေးနိုင်ဖို့ မျှော်လင့်တယ်လို့ မိသားစုဝင်တွေနဲ့အတူ ဒေသခံပြည်သူတွေ တောင်းဆိုနေပါတယ်။
“ကျမတို့ဘက်မှာ ကျမတို့ဒေသမှာ အခုလိုမျိုး တစ်ခါမှ မကြုံဖူးဘူး။ စစ်မရှောင်ခင် ၁၀ နှစ်အရှေ့ပိုင်းရော အခုလိုတစ်ခါမှ မဖြစ်ဖူးဘူး။ ဒါကြောင့် နောက်နောင်ဒါမျိုး ထပ်မဖြစ်တော့ရန် အစိုးရအနေနဲ့ ထိထိရောက်ရောက် အရေးယူမှ ဖြစ်ပါမယ်။ အခုကြိုးနဲ့ဆွဲပြီးသတ်ထားတဲ့ ကလေးကိုဆိုရင် မုဒိမ်းပြုကျင်မှုလည်း ကျူးလွန်တယ်လို့ ပြောနေတယ်။ သေချာတော့မသိရသေးဘူး။အပြစ်မဲ့ ကလေးတွေကို ဒီလိုရက်စက်ကြမ်းကြုတ်စွာသတ်ဖြတ်တဲ့ဖြစ်ရပ်မျိုး နောက်နောင်ဘယ်တော့မှ မရှိတော့အောင် အစိုးရက သေချာစီစစ် စစ်ဆေးပြီး တာဝန်ယူပေးဖို့ မျှော်လင့်ပါတယ်။” လို့ ဂျေယန်စစ်ဘေးရှောင်စခန်းက အမျိုးသမီးက ဆက်ပြောပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့ကလည်း မိုးကောင်းမြို့နယ်၊ လဝါးကျေးရွာ မဂေါင်တောင်(Magaung Tawng) ခြံတစ်ခုမှာ အရပ်သားပြည်သူ ၉ ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်ရင်း ၂၀ က တပ်သားတချို့က သတ်ဖြတ်လိုက်တဲ့အမှုကို KIO ဘက်က အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတစွာ မဖြေရှင်းပေးနိုင်သေးပဲ အမှုရပ်တန့်နေတာ ၂ နှစ်ကျော် ကြာလာပြီ ဖြစ်ပါတယ်။
By – ဂျာဘောက်ရာ