ရွှေတူးဖော်မှုကို ကန့်ကွက်တဲ့ ဒေသခံတွေကို ကိုးကန့်တပ် သေနတ်နဲ့ပစ်ခတ်လို့ ဒေသခံ ၆ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိ

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးကျေးရွာအုပ်စု ပြိန်းခမ်ကျေးရွာမှာ ရွှေတူးဖော်နေတဲ့ ကိုးကန့် ( MNDAA) တပ်ကို သွားရောက်ကန့်ကွက်တဲ့ ဒေသခံတွေသေနတ်ပစ်ခတ်ခံရပြီး KIA တပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ဒေသခံ ၄ ဦး စုစုပေါင်း ၆ ဦးသေဆုံးကာ၊ နောက်ထပ် ၆ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရပါတယ်။
ပြိန်းခမ်ကျေးရွာမှာ ရွှေမတူးဖို့ဒေသခံတွေကန့်ကွက်နေတဲ့ကြား ကိုးကန့်တပ်က ဆက်လက်ရွှေတူးဖော်နေတာကြောင့် မတ်လ ၅ ရက် ဒီနေ့ နေ့လည် ၂ နာရီဝန်းကျင်မှာ ဒေသခံတွေ ထပ်မံသွားရောက်ကန့်ကွက်ချိန် ကိုးကန့်တပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပြိန်းခမ်ရွာ ဒေသခံအမျိုးသမီးတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။
“အခုကျမတို့ အလောင်းတွေလည်း သယ်ထားပြီး MNDAA ရုံးရှေ့မှာ ရွာသားအားလုံးစုပြီး ဆန္ဒပြနေတယ်။ လက်နက်မပါတဲ့ ရွာသားတွေကို MNDAA က ပစ်သတ်တာ ၆ ယောက်သေသွားပြီ။ ၆ ယောက်ဒဏ်ရာရတယ်။ ရွာသားကို ပစ်သတ်တဲ့ ကိုးကန့်ရဲ့ သေနတ်ကိုလည်း အခုကျမတို့ ရွာသားတွေ ရယူထားတယ်။” လို့ မုံးစီး၊ ပြိန်းခမ်ရွာခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
မုံးစီး(Mungji mare) ကနေ ဆိုင်ကယ်နဲ့သွားရင် ၄၅ မိနစ်အကွာမှာရှိတဲ့ ပြိန်းခမ်းရွာက ဒေသခံတွေရဲ့လယ်ယာမြေတွေမှာ ရွှေမတူးဖို့ ကိုးကန့် MNDAA တပ်ကို ဒေသခံတွေအကြိမ်ကြိမ်ကန့်ကွက်ထားပြီး စာနဲ့လည်းတောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကိုးကန့် MNDAA ဘက်က ဆက်လက်တူးဖော်နေဆဲဖြစ်တာကြောင့် ဒီနေ့မှာတော့ ဒေသခံရွာသားတွေ သွားရောက်ကန့်ကွက်ခဲ့စဉ် ရွှေတူးဖော်နေတဲ့ MNDAA တပ်ဖွဲ့ဝင်အချင်းချင်း အချေအတင်ဖြစ်ပွားပြီး သေနတ်နဲ့ပစ်ခတ်လာတာဖြစ်တယ်လို့ သိရပါတယ်။
ကိုးကန့် MNDAA ဘက်က သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ရသူအမျိုးသား ၆ ဦးထဲမှာ KIA တပ်ဖွဲ့ဝင် ၂ ဦးလည်းပါဝင်ပြီး နောက်ထပ်အမျိုးသား ၆ ဦးက ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ကြောင်း သိရပါတယ်။
သေဆုံးသွားတဲ့ KIA တပ်ဖွဲ့ဝင်နှစ်ဦးကလည်း ပြိန်းခမ်ဒေသခံတွေဖြစ်တယ်လို့ သိရပြီး အခုလို MNDAA ရဲ့လုပ်ရပ်ကြောင့် ညနေပိုင်းမှာတော့ ဒေသခံရွာသားအားလုံး သေဆုံးသူတွေရဲ့အလောင်းတွေသယ်ပြီး မုံးစီးရှိ MNDAA ရုံးရှေ့မှာ လူထုဆန္ဒပြနေကြတယ်လို့ ဆိုပါတယ်။
“MNDAA အလိုမရှိ ဆိုပြီး ဆန္ဒပြနေပါတယ်။ ကျမတို့ ဒေသခံတွေ လယ်ယာမြေလုပ်ကိုင်စားသောက်တဲ့နေရာမှာ MNDAA က ရွှေလာတူးတယ်။ ရွှေလာတူးတော့ ရွာသားတွေ ပြောဆိုကန့်ကွက်တာကို သူတို့က သေနတ်နဲ့ အခုလို ပစ်သတ်တယ်။ ဒါမျိုး လုံး၀အလိုမရှိပါဘူး။ ဒီလိုမျိုး ပြဿနာထိဖြစ်လာအောင် MNDAA ဟာ ရွာသားတွေကို ကာကွယ်တာလား၊ ဘဒါမှမဟုတ် ခြိမ်းခြောက်ဖို့ ဝင်ရောက်လာတာလား။ ဒီအဖြေတွေ ရအောင် ကျမတို့ လုပ်ဆောင်မှာပါ။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။
ကိုးကန့် MNDAAရဲ့ လုပ်ရပ်အပေါ် ဒေသခံတွေကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်နေပြီး ဒီဖြစ်ရပ်ကို တရားမျှတမှုရရှိအောင်ကြိုးစားသွားမယ်လို့ ပြောဆိုနေပါတယ်။
ကွတ်ခိုင်အထက် မုံးစီးဘက်မှာ ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊KIA နှစ်ဖွဲ့လုံး လှုပ်ရှားနေရာယူထားပြီး နှစ်ဖက်တပ်ဖွဲ့ကြား ပြဿနာတွေလည်း မကြာခဏဖြစ်ပွားလျက်ရှိပါတယ်။
By – ဂျာဘောက်ရာ