တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းကြောင့် လုံရှာယာန်ဒေသခံတစ်ချို့ကြိုတင်တိမ်းရှောင်တာတွေရှိနေ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ လုံရှာယာန်ကျေးရွာဘက် တိုက်ပွဲဖြစ်ပွားလာနိုင်တယ်ဆိုတဲ့သတင်းထွက်လာပြီးနောက် ကျေးရွာနေပြည်သူတစ်ချို့ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ လုံရှာယန်ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီစစ်သားအင်အားအလုံးအရင်းနဲ့တပ်စွဲထားတဲ့ လုံရှာယာန်ကျေးရွာကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့သတင်းဟာ ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ဒေသခံတွေကြားပျံ့နှံ့နေတဲ့အတွက် လုံရှာယာန်ကနေ ပူတာအိုမြို့ဘက်ကြိုတင်တိမ်းရှောင်တာတွေလုပ်နေကြတယ်လို့ ပူတာအိုမြို့ပေါ်တိမ်းရှောင်လာတဲ့ လုံရှာယန်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ဒီတစ်ခေါက်ကသေချာမယ်ထင်တယ် လုံရှာယန်တိုက်မယ်ဆိုတာတော့ ကြားနေရတာကြာပြီ။ ဒါပေမယ့် ကလေးတွေစာမေးပွဲမပြီးသေးလို့မတိုက်သေးတာ ကလေးတွေစာမေးပွဲပြီးရင်တော့တိုက်မယ်ဆိုပြီးသတင်းထွက်နေတော့ အခုစာမေးပွဲ ပြီးကြပြီလေ။ ဟုတ်ဟုတ်မဟုတ်ဟုတ်ကြိုတင်တိမ်းရှောင်တာကောင်းတယ်ဆိုပြီး မြို့ပေါ်ကိုရောက်လာတာမိသားစုလိုက်”လို့ပြောပါတယ်။
ဒေသခံတွေပြောချက်အရ အခြေခံစာသင်ကျောင်းစားမေးပွဲပြီးတာနဲ့ လုံရှာယာန်ရွာမှာတိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး ခုလက်ရှိစာမေးပွဲလည်းပြီးဆုံးသွားပြီဖြစ်တာကြောင့် တိမ်းရှောင်သူတွေ တစ်နေ့တစ်ခြားပိုများလာနေတယ်လို့ ဒေသခံတွေ ဆိုပါတယ်။
“ပြီးခဲ့တဲ့ပတ်ကတည်းကထွက်သွားကြတဲ့လူလည်းရှိတယ်ဒီပတ်ထဲမှာတော့နည်းနည်းများလာတယ်ပြောရမယ် ပူတာအို ၊မူလာရှီးဒီဘက် အမျိုးတွေရှိတယ်သူတွေကြိုတင်တိမ်းရှောင်ကြတာများတယ် တစ်ချို့လည်းအဆင်သင့်စောင့်နေကြတာရှိတယ်ဖြစ်လာရင်ပြေးအဆင့်ပေါ့”လို့ နောက်ထပ် လုံရှာယာန်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့စကလို့ မတ်လ ၉ ရက်အထိ ပူတာအိုမြို့ပေါ်နဲ့ မူလာရှီးဒီးဘက်ကိုတိမ်းရှောင်လာသူ အိမ်ထောင်စု ၂၀ ထက်မနည်းရှိလာတဲ့အပြင် တိုက်ပွဲဖြစ်လာမှတိမ်းရှောင်ဖို့အဆင်သင့်ထုပ်ပိုးပြင်ဆင်ထားသူတွေလည်းရှိတယ်လို့ သိရပါတယ်။
လတ်တလောပျံ့နေတဲ့ လုံရှာယာန်ကျေးရွာဘက်တိုက်ပွဲဖြစ်လာနိုင်မယ့်သတင်းနဲ့ပတ်သက်ပြီး ခိုင်လုံမှုရှိမရှိ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ KNG အနေနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
စစ်ကောင်စီတပ်တွေဟာ လုံရှာယာန်ကျေးရွာထဲမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလစပြီး အင်အား ၅၀ ခန့်တပ်စွဲနေထိုင်လာပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလစတင်လို့ စစ်ရေးလှုပ်ရှားမှုပိုမိုလုပ်ဆောင်လာတဲ့အပြင် စစ်အင်အားလည်းတဖြေးဖြေးဖြည့်တင်းလာနေတာကြောင့် လက်ရှိမှာ စစ်အင်အား ၁၅၀ ခန့်ရှိနိုင်တယ်လို့ ဒေသခံတွေဆိုပါတယ်။
ဒါ့အပြင် အဲဒီလုံရှာယာန်ကျေးရွာထဲတပ်စွဲနေတဲ့ စစ်ကောင်စီစစ်သားတွေဟာ အရပ်သားနေအိမ်တွေမှာတပ်စွဲတာတွေလည်းရှိနေကြပြီး ရွာအဝင်ထွက်မှာဂိတ်ထိုင်ပြီးစစ်ဆေးတင်းကြပ်တာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။
လုံရှာယာန်ကျေးရွာဟာ ဆွမ်ပရာဘွမ်မြို့နဲ့ပူတာအိုမြို့ကြားရှိပြီး မြစ်ကြီးနား–ပူတာအိုလမ်းပိုင်း ပူတာအိုမြို့အခြေစိုက် ခ.လ.ရ ၄၆ တပ်လုံခြုံရေးအတွက် မူလာရှီးဒီအထိုင်တပ်ပြီးရင် ဒုတိယမြောက် အရေးပါတဲ့နေရာလည်းဖြစ်သလို ၂၀၂၂ ခုနှစ် ဖေဖာ်ဝါရီလက တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေဘေးလွတ်ရာ တောတောင်တွေထဲ ရှောင်တိမ်းနေကြရပြီး ဧပြီလလောက်မှ ကျေးရွာကို ပြန်လည်ဝင်ရောက်နေထိုင်ခဲ့ကြရတာပါ။
By – Zaw Zaw