မြစ်ကြီးနားမြို့မှာ စစ်ကောင်စီတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးတာတွေ ခပ်စိပ်စိပ်လုပ်လာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်းနေရာတစ်ချို့မှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူတွေကို ရှောင်တခင်တားဆီးစစ်ဆေးတာတွေ ခပ်စိပ်စိပ်လုပ်လာနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ပြည်သူတွေကပြောပါတယ်။
ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကစတင်ပြီး ဗလမင်းထင်တံတားကနေ မြစ်ကြီးနားတက္ကသိုလ်ကျောင်းနောက်ကျောဘက် မြို့ရှောင်လမ်း၊ ကြာရာပါတီးရပ်ကွက်လမ်း၊ မြေမြင့်ရပ်ကွက်ကနေ ကွက်သစ်အဆင်း မိုင်ဒေးကွေ့လမ်းထောင့်၊အင်ဂျန်ဒုံစျေးအနီး၊ အေးမြသာယာရပ်ကွက်အဝင် ရထားသံလမ်း၊ ရွှေစက်ရပ်ကွက် မြစ်ကြီးနားလွှတ်တော်ရုံးရှေ့၊ကျွန်းပင်သာနဲ့လယ်ကုန်းလမ်းဆုံအပါအဝင် မြို့တွင်းလမ်းဆုံ၊ လမ်းထောင့်နေရာတစ်ချို့မှာ စစ်ဆေးမှုတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ မြစ်ကြီးနားမြို့ခံတစ်ဦး KNG ကိုခုလိုပြောပါတယ်။
“ပုံမှန်နေ့တိုင်းတော့မစစ်ဘူး ဒါပေမယ့် ခုနောက်ပိုင်းစစ်တာပိုစိပ်လာတယ်။ သူတို့စစ်တဲ့နေ့ဆိုရင် ဖြတ်သွားဖြတ်လာ လူတိုင်းကိုစစ်တယ်။ ဘာကြောင့်စစ်တယ်ဆိုတာတော့ မပြောဘူး”လို့ ပြောပါတယ်။
ခုလိုစစ်ဆေးရေးပြုလုပ်ချိန် စစ်သား ၅ ဦးနဲ့ ၁၀ ကြားရှိပြီး လက်နက်၊စစ်ယူနီဖောင်းဝတ်ပြီး စစ်ဆေးတာတွေရှိသလို အရပ်ဝတ်နဲ့တားဆီးစစ်ဆေးတာတွေလည်းရှိတယ်လို့ နောက်ထပ်မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ယူနီဖောင်းအပြည့်ဝတ်ပြီး တားရင်တော့ စစ်ဆေးခံကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ အရပ်ဝတ်တွေနဲ့တားတော့ ပြည်သူတွေက ဓါးပြထင်တာလည်းရှိတော့ မရပ်ပေးတဲ့သူလည်းရှိတယ်။ မရပ်ပေးပြန်တော့ သူတို့ကပစ်တယ်လေ။ အဲကြောင့် သွားရလာရတော်တော်ခက်တယ် ခုနောက်ပိုင်း”လို့ ပြောပါတယ်။
ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့မှာ ၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်းလုံခြုံရေးပိုတင်းကြပ်လာသလို ဌာနဆိုင်ရာနဲ့ရဲစခန်းအနိီးပတ်ဝန်းကျင်ရှိ လမ်းအများပိုင်း သွားလာခွင့်ပိတ်ထားတဲ့အပြင် ဖွင့်ထားတဲ့လမ်းတွေမှာလည်း ည ၆ နာရီနောက်ပိုင်းဖြတ်သန်းခွင့်မရှိတော့ဘူးလို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ မြို့တွင်း ရဲစခန်းအားလုံး ဘန်ကာများထပ်တိုးတည်ဆောက်ထားသလို မြစ်ကြီးနားကနေ တန်ဖရဲ၊မြစ်ဆုံသွားလမ်းမပေါ်ရှိ ပလနဂိတ်မှာလည်း လမ်းသွားလမ်းလာမသင်္ကာသူတွေကို စစ်ဆေးတာအပြင် ဖေဖော်ဝါရီလဆန်းပိုင်းကစ ဂိတ်ရှေ့မှာလည်း စီစီတီဗီများတပ်ဆင်လျက် လုံခြုံရေးတိုးမြင့်ထားတယ်လို့ အဲဒီဂိတ်မှာဖြတ်သန်းဖူးတဲ့ မြစ်ကြီးနားမြို့ခံတစ်ဦးက ဆိုပါတယ်။
ပလနဂိတ်ဟာ ပြီးခဲ့တဲ့၂၀၂၄ ခုနှစ် မြစ်ကြီးနားမှ လိုင်ဇာဘက်သို့ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ချိန်တိုင်း ည ၈ နာရီဝန်းကျင်မှစပြီး လမ်းသွားလမ်းလာ ကား၊ဆိုင်ကယ်အားလုံးကို စစ်ဆေးရေးပြုလုပ်တဲ့ဂိတ်ဖြစ်ကာ မြစ်ကြီးနားမြို့အဝင် လုံခြုံရေးတင်းကြပ်ဆုံးဂိတ်တစ်ခုဖြစ်ပါတယ်။
ခုလိုစစ်ကောင်စီတပ်က မြို့တွင်းရှောင်တခင်တားဆီးစစ်ဆေးတာအပြင် မြို့တွင်း လူသတ်ခံရမှုတွေလည်း တိုးလာနေတာကြောင့် မြစ်ကြီးနားမြို့တွင်းနေထိုင်တဲ့ ပြည်သူများသတိထားသွားလာနေရတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်သူတွေ ပြောပါတယ်။
လူဦးရေတစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်မှာ ခရိုင်လေးခုနဲ့မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားပြီး မြ်ို့တော်မြစ်ကြီးနားမှာတော့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့စတင်လာတဲ့ KIA ပူးပေါင်းတပ်ရဲ့စစ်ဆင်ရေးနောက်ပိုင်း ဝိုင်းမော်မြို့နယ်၊ ဗန်းမော်မြို့နယ် ၊ ဖားကန့်မြို့နယ်ဘက်က စစ်ဘေးရှောင်အများအပြား လာရောက်ခိုလှုံနေကြတာလည်း ဖြစ်ပါတယ်။
By – အမီး