စစ်ဘေးသင့် ပြည်သူတွေကို ထိရောက်စွာ ကူညီစောင့်ရှောက်နိုင်ရေးအတွက် ကချင်အဖွဲ့အစည်းများ တောင်းဆိုထား

ကချင်ဒေသတစ်ကျော့ပြန် စစ်ပွဲစတင်ခဲ့ခြင်း ၁၄ နှစ်ပြည့်သော ဇွန်လ ၉ ရက်နေ့မှာ စစ်ဘေးသင့် ကချင်ဒေသက ပြည်သူတွေကို ထိရောက်စွာ ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကချင်အရပ်ဘက် အဖွဲ့အစည်း ၂၄ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ၁၄ နှစ်အတွင်း ကချင်ပြည်ဒေသမှာ နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်ခဲ့ရသူ ၂၃၂,၉၀၀ ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဒီစစ်ရှောင်ပြည်သူတွေထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ ကလေးမိခင်၊ မသန်စွမ်း စတဲ့ သူတွေပါဝင်နေပြီး သူတို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး စတဲ့ ကူညီစောင့်ရှောက်မှုတွေဟာ မရှိသလောက် နည်းပါးနေတယ်လို့ သိရပါတယ်။
ဒါအပြင် လက်ရှိ နိုင်ငံရေးအခြေအနေ အရ ကချင်ဒေသမှာလည်း စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား စစ်ရေးတင်းမာနေတဲ့အတွက် ကချင်အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ စစ်ရှောင်ပြည်သူတွေကို ထိရောက်စွာ ကူညီနိုင်ဖို့ အခက်အခဲတွေ ရှိနေတာ ဖြစ်ပါတယ်။
ဒါကြောင့် အရပ်ဘက် အဖွဲ့အစည်း ၂၄ ဖွဲ့ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့်ပြီး ဒေသအလိုက် ဖြန့်ဝေပေးရန်၊ အရပ်သားပြည်သူတွေရဲ့ လုံခြုံရေးကို ဦးစားပေး ကာကွယ်ပေးဖို့ နဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အရာတွေနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အခြေအနေကို ရရှိဖို့ နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးရန်စတဲ့ အချက်သုံးချက်ကို ဇွန်လ ၉ ရက်နေ့မှာပဲ ထုတ်ပြန်တောင်းဆိုထားတာ ဖြစ်ပါတယ်။
ပြောရေးဆိုခွင့်ရှိသူ မ Mali Hka က “စစ်ကောင်စီ အာဏာသိမ်းပြီးနောက် အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ လုံခြုံရေး အခက်အခဲအမျိုးမျိုးကြောင့် စစ်ရှောင်တွေရဲ့ အခက်အခဲတွေကို သေချာမထုတ်ပြလာနိုင်တဲ့အတွက် ဒီ ၁၄ နှစ်ပြည့်တဲ့အချိန်မှာတော့ အခက်အခဲတွေထဲက တစ်ချို့ကို ထုတ်ပြန်ချက်အတူ ဖော်ပြခဲ့တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ကချင်ဒေသ စစ်ဘေးရှောင်တွေထဲမှာ ၂၀၁၁ ခုနှစ် တကြော့ပြန်တိုက်ပွဲစတင်လာချိန်ကတည်းက စစ်ပြေးခဲ့ရသူတွေနဲ့ ၂၀၂၁ နောက်ပိုင်း တိုက်ပွဲတွေကြောင့် ပြန်လည်တိမ်းရှောင်ခဲ့တဲ့ စစ်ရှောင်တွေ ရှိပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိလာတဲ့ နေရာဒေသတွေမှာ ပြန်လည်အခြေချလာသူတွေ ရှိပေမယ့် စစ်ဒဏ်ကြောင့် ပျက်စီးမှုအများအပြားရှိနေတဲ့အတွက် ပြန်လည် ပြုပြင်မွန်းမံဖို့ လိုအပ်နေသလို၊ ကျန်းမားရေးအတွက် လိုအပ်တဲ့ ဆေးရုံဆေးခန်း၊ စာသင်အရွယ်ကလေးငယ်တွေအတွက် စာသင်ကျောင်းတွေ အများအပြားလိုအပ်နေသေးတာ ဖြစ်ပါတယ်။
ဒါအပြင် မြေမြုပ်မှိုင်း အန္တရာယ်နဲ့အတူ KIO ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ လေကြောင်းရန်တွေကိုပါ စိုးရိမ်နေရဆဲ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း စစ်ပွဲအခြေအနေကြောင့် နေရပ်ပြန်လို့ မရသေးတဲ့ စစ်ရှောင်ပြည်သူတွေအတွက် နိုင်ငံတကာ အကူအညီတွေ မရှိသလောက် နည်းပါးသွားပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် စိုးရိမ်နေကြရတာ ဖြစ်ပါတယ်။
“ဒီ ဒေသအလိုက် လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ပြောဆိုနေတာက တစ်နှစ်လောက်ရှိပြီ။ ဒါကြောင့် တချို့ တိုင်းပြည်တွေက ကြိုးစားပြောင်းလဲ လာကြတယ်။ ဒါပေမယ့်လည်း အကူအညီတွေက ပိုနည်းသွားပြီး လက်တွေ့လုပ်ဆောင်တဲ့ အခါတွေမှာလည်း စစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေကြောင့် အခက်အခဲတွေလည်း အများကြီး ရှိလာပါတယ်” လို့ မ Mali Hka က ဆက်ပြောပါတယ်။
၁၉၉၄ ခုနှစ်တုန်းက ချုပ်ဆိုထားတဲ့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ KIO ကို နယ်ခြားစောင့်တပ်အနေနဲ့ အသွင်းပြောင်းဖို့ ဖိအားပေးရာကနေ ၁၇ နှစ်အကြာ ၂၀၁၁ မှာ သဘောတူမှု ပျက်ပြယ်ပြီး စစ်ပွဲ ပြန်လည်ဖြစ်ပွားလာတာဖြစ်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၂၀၂၄ ဩဂုတ် ၁၄ရက်နေ့ ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ရဲ့ တစ်ကြော့ပြန်စစ်ပွဲပြန်လည်စတင်ခဲ့တဲ့ ၂၀၁၁ ကနေ ၂၀၂၁ ဖေဖော်ရီလထိ စစ်ရှောင်လူဦးရေ တစ်သိန်းတစ်သောင်းငါးရာ ၁၁၀,၅၀၀ ထိ ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် ကချင်ဒေသမှာ ၄ နှစ်အတွင်း စစ်ရှောင်ဦးရေ ၁၂၂,၄၀၀ ဦး ထပ်တိုးလာတယ်လို့ သိရပါတယ်။