စစ်ပြေးဒုက္ခသည်များသတင်း

ဖားကန့်လမ်းမပေါ်က ကျေးရွာတွေကို ပြန်လည်တိမ်းရှောင်ဖို့ သတိပေးထားပြီး အစားအသောက်များ ပြတ်လပ်

တိုက်ပွဲငြိမ်သက်သွားလို့ နေရပ်ပြန်လာနေထိုင်ကြတဲ့ ဖားကန့်လမ်းမပေါ်က ကျေးရွာတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လည်တိမ်းရှောင်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

နန့်ယားကျေးရွာအပါ ဆိုင်းဖရာ၊ ကပ်မှော်၊ နန်တိန့်၊ တံတားညီနောင်၊ ကပ်မှော်၊ ဂေါ့လူယန် စတဲ့ကျေးရွာနေ ပြည်သူဒေသခံ ၅၀၀၀ ခန့်က တိုက်ပွဲအပြီး မိမိကျေးရွာကို ပြန်လာနေထိုင်ကြပေမယ့် KIA က ပြန်လည်သတိပေးလာတာ ဖြစ်ပါတယ်။

KIA အနေနဲ့ စစ်ရှောင်တွေကို သတိပေးတဲ့အချက်ထဲမှာ စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန် ကျေးရွာတွေမှာ မိုင်းအန္တရာယ်ရှင်းလင်းဖို့နဲ့ ကားမိုင်းလမ်းဘက်ကနေ စစ်ကြောင်းတွေ ပြန်လည်ဝင်ရောက်လာနိုင်တဲ့အခြေအနေတွေ ရှိနေတာကြောင့် ပြန်လည်တိမ်းရှောင်ထားခိုင်းတာဖြစ်တယ်လို့ နန့်ယားဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ရွာထဲမှာ မကွဲသေးဘဲ ကျန်ရှိနေတဲ့မိုင်းတွေ နင်းမိမှာ စိုးရိမ်တဲ့အတွက် KIA က ပြန်တိမ်းရှောင်ခိုင်းထားတယ်။ လက်ရှိ KIA ဘက်က ဒါတွေကို ရှင်းလင်းဖို့ကလည်း အချိန်မပေးနိုင်သေးဘူးဆိုတော့ အကုန်လုံးကို ပြန်ထွက်ခိုင်းတယ်။ စစ်ရေးကလည်း မတည်မငြိမ်ပြန်ဖြစ်တော့ နဂိုရှောင်နေတဲ့နေရာတွေမှာ ပြန်သွားရှောင်နေကြတဲ့သဘောပါ။ ပြန်ထွက်ခိုင်းတာက လေး၊ ငါးရက်ခန့်ရှိနေပါပြီလို့ ပြောပါတယ်။

ဖားကန့်လမ်းလျှောက် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲသွားတဲ့ကျေးရွာတွေမှာ မြေမြှုပ်မိုင်းနဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ရာကနေ မပေါက်ကွဲသေးဘဲ ကျန်ရှိနေသေးတဲ့ စစ်လက်နက်အကြွင်းအကျန်များ ရှင်းလင်းရန် ကျန်ရှိနေတဲ့အတွက် ပြည်သူတွေကို အသက်အန္တရာယ်မဖြစ်စေဖို့ ထွက်ခိုင်းထားတဲ့အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလအတွင်း တောတွင်းနေရာတွေမှာ အစားအသောက်နဲ့ဆေးဝါးတွေ ပြတ်လပ်သွားတဲ့အခက်အခဲတွေ ကြုံတွေ့ရတာဖြစ်တဲ့အတွက် စစ်ကြောင်းထွက်သွားပြီးနောက် ကျေးရွာထဲကို ပြန်ဝင်ကြတာဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ဖားကန့်လမ်းရှိ စစ်ရှောင်တွေဟာ တောတွင်းသို့ ပြန်လည်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူတွေ ရက်လကြာရှည်စွာ စစ်ဘေးတိမ်းရှောင်လာရတဲ့အတွက် စုဆောင်းထားတဲ့ စားသောက်ကုန်ပစ္စည်းတွေ ပြတ်လပ်လာပြီး အစားအသောက်ခက်ခဲလာတဲ့အချိန် တစ်ဖက်မှာ စစ်ကောင်စီတပ်နဲ့ KIA နှစ်ဖက်စစ်တပ်က ဖားကန့်လမ်းကို ပိတ်ဆို့ထားတာ တစ်လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဖားကန့်ဒေသကို အဓိကအားဖြင့် မြစ်ကြီးနားဖားကန့်လမ်းကို အသုံးပြုပြီး ကုန်ပစ္စည်းတွေကို တင်သွင်းနေတာဖြစ်ပေမယ့် လက်ရှိမှာ ကုန်ကားအဝင်လုံးဝမရှိတော့တဲ့အတွက် ဖားကန့်လမ်းတစ်လျှောက် နေထိုင်ကြတဲ့ ကျေးရွာနေပြည်သူတွေက စစ်ရှောင်ရတဲ့အခက်အခဲနဲ့ ကုန်ပစ္စည်းပြတ်လပ်သွားတဲ့အခက်အခဲပါ တစ်ပြိုင်နက်ကြုံတွေ့နေရတာဖြစ်ပါတယ်။

ဖားကန့်လမ်းပိုင်းကို ကားမိုင်းမအူပင်ကျေးရွာအထိ စစ်ကောင်စီတပ် ပိတ်ဆို့ထားပြီး အထက်ပိုင်း နန့်ယားကျေးရွာ တစ်လျှောက်ကိုတော့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ထားတာဖြစ်ပါတယ်။

အခုလို ဖားကန့်လမ်းပိုင်းကို လကြာရှည်စွာ ပိတ်ဆို့ထားတဲ့အတွက် စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူတွေက အစားအသောက်ပြတ်လပ်သွားတဲ့အခက်အခဲအပြင် နေ့စဉ်သွားလာလှုပ်ရှားမှုမှာလည်း အကြပ်အတည်းကြုံတွေ့နေရတာ ဖြစ်ပါတယ်။

အဲ့ဒီစစ်ရှောင်တွေဟာ မိုးတွင်းကာလအချိန် တောတွင်းနေရာတွေမှာ ခက်ခက်ခဲခဲ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ကာလ ကြာမြင့်လာတာနဲ့အတူ တစ်ဖက်မှာ မြစ်ကြီးနားဖားကန့်လမ်းလည်း ပိတ်ဆို့ခံထားရတဲ့အတွက် အစားအသောက်အပြင် အဖက်ဖက်မှာ ခက်ခဲကြပ်တည်းမှုတွေ ကြုံတွေ့နေရတယ်လို့ နန့်ယားစစ်ရှောင် အမျိုးသားတစ်ဦးက ဆက်ဆိုပါတယ်။

အခုဖြစ်နေတာက ဘယ်လမ်းမှ ထွက်လို့မရတာ။ မိုးတွင်းအချိန်လည်းဖြစ် သွားဖို့လာဖို့ကမရ၊ အခုချိန်မှာ နောင်းမီဘက်ခြမ်းကို ထွက်ဖို့မလွယ်သလို ဝါရာဇွပ်ဘက်ခြမ်းကို ထွက်ဖို့လည်း မလွယ်တော့ဘူး။ တောမှာ တိမ်းရှောင်နေကြတဲ့ပြည်သူတွေက အသက်ရှင်နေထိုင်ဖို့ စားနပ်ရိက္ခာတွေက ဘယ်နားကစပြီး ရရှိတော့မှာလဲ။ အရင်က လှောင်ထားတဲ့ ရိက္ခာခြောက်တစ်ချို့ကျန်ရှိတာနဲ့ တောပေါက်အသီးအရွက်တွေမှာ လိုက်ခူးစားနေရတာ။ နောက်ဆုံး အဆိုးဆုံးက ရွာထဲကို ပြန်ဝင်လို့မရတဲ့အခြေအနေဖြစ်တယ်။ လမ်းတွေပိတ်ထားတော့ ဖျားနာတဲ့အချိန်ဆို ဘာမှလုပ်ကိုင်လို့မရတော့တာ အခက်ဆုံးပဲလို့ ပြောပါတယ်။

စစ်ရှောင်ပြည်သူတွေအနေနဲ့ စားသောက်ကုန်ပစ္စည်းနဲ့ ဆေးဝါးပစ္စည်းတွေကို ရယူနိုင်ဖို့ ဖားကန့်လမ်းပိုင်းကို အရပ်သားတွေအတွက် ပြန်ဖွင့်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

ဖားကန့်လမ်းမပေါ်မှာ ရှိတဲ့ကျေးရွာတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်စဉ်လိုလို စစ်ကောင်စီ စစ်ကြောင်းတက်လာတိုင်း ထွက်ပြေးနေရသလို၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးကြုံတွေ့နေရတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button