သတင်း

ဝါရာဇွပ်ကျေးရွာမှာ ကူးစက်ရောဂါကြောင့် အိမ်မွေးတိရိစ္ဆာန်များ အစုလိုက်အပြုံလိုက် သေဆုံး

ဟူးကောင့်ချိုင့်ဝှမ်းဒေသ၊ ဖားကန့်မြို့နယ်၊ လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာမှာ အိမ်မွေးတိရိစ္ဆာန်များ ရောဂါကူးစက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လဆန်းပိုင်းကတည်းက ကျွှဲ၊ နွား သေဆုံးမှုတွေ ဖြစ်ပေါ်နေပေမယ့် ဒေသခံအားလုံးနီးပါး စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် ထိရောက်တဲ့ကုသမှုတွေ မလုပ်နိုင်ဘဲ သေဆုံးမှုအရေအတွက် ပိုများလာတယ်လို့ ဝါရာဇွပ်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

အိမ်မွေးတိရိစ္ဆာန်တွေက ရောဂါဖြစ်ပြီး အများကြီးသေဆုံးနေတယ်။ သေဆုံးသွားတဲ့ ကျွှဲနဲ့နွား အကောင်ရေက ရာနဲ့ချီရှိနေပြီ။ ကျနော်တို့က ရွာထဲကို ပြန်ဝင်ပြီး ကုသမှုတွေ လုပ်ချင်တယ်။ စစ်ရှောင်နေတာဖြစ်တဲ့အတွက် ကုသမှုတွေ မလုပ်နိုင်တော့ ပိုပြီးသေဆုံးသွားတဲ့နှုန်းက ပိုများလာတာလို့ မြင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက ယခုဇွန်လအထိ သေဆုံးသွားတဲ့ ကျွှဲ၊ နွား အကောင်ရေ ၂၀၀ ဝန်းကျင်အထိ ရှိလာပြီလို့ ပြောပါတယ်။

လက်ရှိ ကျွှဲ၊ နွားတွေဟာ အမည်မသိတဲ့ရောဂါတစ်မျိုး ကူးစက်ခံနေရပြီး လှဲနေရင် လေဖြတ်သွားတဲ့ပုံစံနဲ့ သေဆုံးသွားသလို၊ ချောင်းတွေမှာ ရေသောက်နေရင်း အော့အန်ပြီး ခဏတဖြုန်မှောက်လှဲ သေဆုံးသွားတဲ့ ရောဂါလက္ခဏာမျိုးနဲ့ အများဆုံးသေဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိမ်မွေးတိရိစ္ဆာန်တွေ အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်နေတာကြောင့် ဝါရာဇွပ်ဒေသခံပြည်သူတွေဟာ ကျေးရွာထဲကို ပြန်လာနေထိုင်ပြီး ကုသမှုတွေ ပြုလုပ်ချင်ပေမယ့် စစ်ရေးအခြေအနေအရ ကျေးရွာအတွင်း အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ KIO တာဝန်ရှိသူတစ်ချို့က ဝင်ခွင့်မပြုဘူးလို့ သိရပါတယ်။

ဒါကြောင့် ဝါရာဇွပ်ဒေသခံ ပြည်သူတွေက ရွာထဲကို ပြန်ဝင်ပြီး တိရိစ္ဆာန်တွေကို ကျန်းမာရေးသိကျွမ်းတဲ့ ကုထုံးစနစ်တွေနဲ့ ပြန်လည်ကုသပေးနိုင်ဖို့အတွက် တောင်းဆိုနေကြပါတယ်။

လက်ရှိ ဒေသမှာ အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ KIO အနေနဲ့ တိုက်ပွဲတွေ ငြိမ်သက်သွားပြီဖြစ်ပေမယ့် ရွာထဲကို ပြန်လည်နေထိုင်ဖို့ တားမြစ်နေတဲ့အပေါ်မှာလည်း ဒေသခံတွေက မေးခွန်းထုတ်နေပါတယ်။

အဓိကတော့ ရွာထဲကို အားလုံးပြန်ဝင်ပြီး ကုသမှုတွေ လုပ်ချင်တယ်။ ဒါပေမယ့် မဝင်ခိုင်းသေးဘူး။ တိုက်ပွဲငြိမ်သွားတော့ ဒေသခံတွေက ရွာထဲကို ပြန်ဝင်ချင်တယ်။ တောမှာနေရင်လည်း မိုးတွင်းကာလအချိန်ဆိုတော့ အရမ်းခက်ခဲတယ်။ တစ်ချို့က ပြန်ဝင်ကြတယ်။ တစ်ချို့က မထွက်ခိုင်းတော့ မပြန်ရဲကြဘူးလို့ ပြောပါတယ်။

ဝါရာဇွပ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာအားလုံးနီးပါးခန့် စစ်ဘေးတိမ်းရှောင်နေခဲ့တာ ၃ လဝန်းကျင်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။

တစ်ဖက်မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကလည်း ဝါရာဒေသခံပြည်သူတွေကို ရွာထဲကို ပြန်လာနေထိုင်ကြဖို့ ပြောဆိုနေသလို ကျေးရွာအတွင်း KIA တပ်တွေ မရှိဖို့နဲ့ ဝါးတားဂိတ်တွေ မထားဖို့လည်း သတိပေးပြောဆိုထားတယ်လို့လည်း ဆက်သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button