ဟုမ္မလင်းမှာ ကုန်အဝင်ရပ်တန့် နေတဲ့အတွက် ကုန်စည်တစ်ချို့စတင်ပြတ်လပ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ ကုန်းကြောင်း၊ရေကြောင်းအားလုံးပြတ်တောက်နေတာကြောင့် အခြေခံစားသောက်ကုန်တစ်ချို့စတင်ပြတ်လပ်လာပြီလို့ မြို့ခံတွေဆီက သိရပါတယ်။
မုံရွာ–ဖောင်းပြင်–ဟုမ္မလင်းကားလမ်းပိုင်းဟာ မေလကတည်းက မိုးရွာသွန်းမှုကြောင့် လမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးခဲ့ပြီးလက်ရှိအချိန်အထိသွားလာလို့မရနိုင်သေးသလို၊ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပိုင်းကလည်း တိုက်ပွဲတွေကြောင့် သွားလာဖို့ခက်ခဲနေတဲ့အတွက် ဟုမ္မလင်းမြို့နယ်ထဲကုန်စည်အဝင်ရပ်တန့်နေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“လေယာဥ်နဲ့တင်တဲ့ကုန်တွေလောက်ပဲရှိတယ်။ ကုန်းကြောင်းကောရေကြောင်းကော ဘာကုန်မှမဝင်တာဟိုလကတည်းကပဲ။ အခုလေယာဥ်နဲ့ရောက်လာတဲ့ဟာလေး စျေးကတက်နေတာ ဒါတောင်နည်းနည်းပါးပါးပဲ ဆန်တို့၊စက်သုံးဆီတို့ကျမရှိဘူးလေယာဥ်နဲ့လည်းမလာဘူး”လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ကုန်းကြောင်းနဲ့ ရေကြောင်းပြတ်တောက်နေမှုကြောင့် စက်သုံးဆီနဲ့ဆန်ပြတ်လပ်စပြုနေသလို လေကြောင်းနဲ့ရောက်လာတဲ့အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်းအဆမတန်စျေးတက်နေတယ်လို့သိရပါတယ်။
“လေယာဥ်နဲ့ဆိုတော့စျေးမကျဘူး ကြက်ဥတစ်လုံးတစ်ထောင်၊ ခရမ်းချဥ်သီးဆိုတစ်ပိဿာ တစ်သောင်းခွဲတဲ့ တစ်နေ့ကိုတစ်ရာနှစ်ရာပုံမှန်တက်တက်နေတာ အကျမရှိဘူး”လို့ နောက်ထပ် မြို့ခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။
လက်ရှိဟုမ္မလင်းမြို့ပေါ်မှာ လက်ကျန်ရောင်းချနေတဲ့ ကုန်တစ်ချို့ဈေးနှုန်းမှာ ဒီဇယ်တစ်လီတာကျပ် ၁၁၀၀၀၊ဓာတ်ဆီတစ်လီတာကျပ် ၁၀၀၀၀၊ဆန်တအိတ်ကျပ် ၁၅၀၀၀၀၊ကြက်ဥတစ်လုံးကျပ်၁၀၀၀ စသဖြင့်စျေးတက်နေသလို စက်သုံးဆီနဲ့ဆန်ကတော့ ပြတ်လပ်စပြုနေပြီးဝယ်ယူရခက်ခဲနေတယ်လို့သိရပါတယ်။
မုံရွာ–ဖောင်းပြင်–ဟုမ္မလင်းကားလမ်းပိုင်းဟာ မေလတုန်းက မိုးရွာသွန်းမှုကြောင့် ဖောင်းပြင်–နတ်နန်းကြားနဲ့ဖောင်းပြင်ဟုမ္မလင်းကြားမှာ တံတားကျိုးတာ၊လမ်းပြိုတာတွေဆိုးဆိုးဝါးဝါးဖြစ်ခဲ့တယ်လို့သိရပါတယ်။
အလားတူ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းဟာလည်း ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေကြောင့် လမ်းကြောင်းလမ်းပိတ်စို့တာတွေမကြာခနကြုံနေရပြီး မုံရွာကနေဟုမ္မလင်းကို ကုန်တင်သဘောတစ်စီးရောက်ဖို့ အနည်းဆုံး ၅ လ ခန့်ကြာတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကလည်း မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပိုင်းနဲ့ မုံရွာ–ဖောင်းပြင်ကားလမ်းပိုင်းတွေမှာ တိုက်ပွဲတွေကြောင့်မကြာခန လမ်းပိတ်မှုတွေကြုံတွေ့ခဲ့ရလို့ ဟုမ္မလင်းမြို့နယ်ထဲကုန်စည်ပြတ်တောက်တာ၊စံချိန်တင် ကုန်စျေးတက်တာတွေဖြစ်ပေါ်ခဲ့ပါတယ်။
By – Zaw Zaw