သတင်း

ပူတာအိုမှာ ပြည်သူ့စစ်တပ်ဖွဲ့ ၁၀ ဦး လက်နက်နဲ့အတူထွက်ပြေးသွားဟုဆို

ကချင်ပြည်နယ် ပူတာအိုမြို့ပေါ် ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦးလက်နက်နဲ့အတူထွက်ပြေးသွား‌ ကြောင်းဒေသခံတွေဆီကနေသိရပါတယ်။

ဦးတန်ဂူးတန်ဦးဆောင်တဲ့ပြည်သူ့စစ်တပ်ဖွဲ့ထဲက တပ်သား ၁၀ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ လက်နက်တွေနဲ့အတူထွက်ပြေးသွားတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ပြေးသွားတာက ၁၉ ရက်နေ့ဟုတ်တယ်။ ဒါပေမယ့်သူတို့ကဒီသတင်းကိုဖုံးထားတာ အပြင်ကိုမထွက်ခိုင်းဘူး သူတို့အသိုင်းအဝိုင်းလောက်ပဲသိတယ်။ ဘယ်ဘက်ကိုထွက်ပြေးသွားလဲတော့မသိဘူး အားလုံးဆယ်ယောက် သေနတ်ကိုယ်စီနဲ့ထွက်ပြေးသွားတာ”လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ပြည်သူ့စစ်တပ်သားတွေဟာ ပူတာအိုမြို့ ဂျူဗလီရပ်ကွက်ရှိ ဦးတန်ဂူးတန်ပြည်သူ့စစ်ရုံးမှာ တာဝန်ကျနေစဥ် ထွက်ပြေးသွားတာလို့သိရပါတယ်။

သူတို့ရဲ့အကြီးဆုံးရုံးချုပ်က ဂျူဗလီရပ်ကွက်ထဲမှာလေ အဲ့မှာနေတဲ့တပ်သားတွေဟုတ်တယ်။ ပြောတာတော့အားလုံးက တာဝန်ကျနေတဲ့အချိန်ပြောတာပဲဘယ်လိုထွက်ပြေးကြသလဲတော့အသေးစိတ်မသိရသေးဘူး”လို့အထက်ဖော်ပြပါအမျိုးသားတစ်ဦးက KNGကို ဆက်ပြောပါတယ်။

ဒါ့အပြင် ထွက်ပြေးသွားတဲ့ထဲမှာ အရာရှိအဆင့်တစ်ဦးနဲ့ တပ်သား ၉ ဦးပါဝင်တယ်လို့သိရပြီးအသေးစိတ်ကိုတော့ KNG ကစုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြည်သူ့စစ်တွေထွက်ပြေးလွှတ်မြောက်နေတဲ့အတွက် လက်ရှိပူတာအိုမြို့ပေါ်မှာ အစစ်အဆေးတွေရှိ‌နေတယ်လို့လည်း မြို့ခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

မနေ့ကအထိတော့ရဲတွေအိမ်စီးကားတွေနဲ့မြို့ထဲပတ်နေတာ ။ပြီးတော့ညဘက်လည်း လမ်းဆုံလမ်းခွတွေစစ်တယ်။ နေ့ဆိုလည်းစစ်သားတွေ ပတ်ရှာနေတာ”လို့ ပူတာအိုမြို့ခံအမျိူးသမီးတစ်ဦးက ပြောပါတယ်။

ဦးတန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ဟာ ၂၀၀၉ ခုနှစ် အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ပေါ်ပေါက်လာတာဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့ပူးပေါင်းကာ ပူတာအို၊ခေါင်လန်ဖူးအထိစစ်ရေးလှုပ်ရှားမှုတွေရှိနေပါတယ်။

ပူတာအိုမှာ ပြီးခဲ့တဲ့ ဇွန်နဝါရီလ ၁၀ ရက်နေ့ကလည်း ပူတာအို ခ..ရ ၄၆ တပ်ထဲက စစ်သားနှစ်ဦးလက်နက်နဲ့အတူထွက်ပြေးသွားပြီးနောက် တစ်ပတ်ခန့်အကြာမှာ နှစ်ဦးစလုံးပတ်သတ်ခံလိုက်ရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button