သတင်း

ကချင်‌မှာရှိတဲ့ နယ်စပ်ဂိတ်တွေမှာ သွင်းကုန်ကန့်သတ်ချက်ရှိနေဆဲ

ကချင်ပြည်နယ်မှာရှိတဲ့ မြန်မာတရုတ်နယ်စပ်ဂိတ်မှာ သွင်းကုန်ကန့်သတ်ထားချက်ရှိပေမယ့် ပို့ကုန်ကိုတော့ကန့်သတ်ချက်မဲ့သယ်ယူခွင့်ရှိ‌နေတယ်လို့ ဒေသခံ တွေဆီ‌ကနေ သိရပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ လိုင်ဇာ၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တည်နယ်စပ်ဂိတ်တွေမှာ နှစ်နိုင်ငံကုန်သွယ်‌ရေးပြန်လည်ပတ်နေတာ ၂ လခန့်ရှိလာပြီဖြစ်ပေမယ့်တရုတ်ဘက်ကနေ မြန်မာဘက်သွင်း‌တဲ့ကုန်တွေ ကန့်သတ်ချက်ရှိနေပြီး မြန်မာဘက်ကနေ တရုတ်ဘက်ပို့တဲ့ ကုန်အားလုံး ကန့်သတ်ချက်မဲ့သယ်ယူနေတယ်လို့ ဆိုကြပါတယ်။

ကျနော်တို့ပြည်တွင်းထဲက ကုန်တွေအားလုံး သူတို့ကြိုက်တာ သယ်ယူလို့ရတယ်။ ဥပမာ မြေရှားတို့၊ တခြားကုန်ပစ္စည်းတို့က သယ်ယူနေတယ်။ KIO ဘက်က တင်ပို့ခွင့်မရှိတာမျိုးက မရှိဘူး။ ဟိုဘက် တရုတ်ဘက်ကပဲ ဒီထဲကို တင်သွင်းခွင့်မရှိတာ။ ဒီထဲက ဖရဲ၊ ကြံ၊ ငှက်ပျော အားလုံး သူ့ရာသီအလိုက် ထွက်ချိန်ဆို အကုန် တရုတ်ထဲဝင်တယ်။ လောလောဆယ်က ရှာစားရကခက်၊ ကုန်စျေးနှုန်းကတက် ဖြစ်နေတယ်။ နယ်စပ်ဂိတ်တွေဖွင့်ထားပေမဲ့ ကျနော်တို့အတွက်က မဖွင့်တာနဲ့ အတူတူပါပဲ။ ကုန်စိမ်းတွေလောက်က ကျနော်တို့ ဒီမှာလည်း စိုက်စားလို့ ရတယ်လေ။ အခုက တကယ်လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ အဝတ်အစားတွေ ဘာမှတင်သွင်းခွင့် မရှိဘူးလေ။ ဆိုတော့ ခက်တာပေါ့လို့ လွယ်ဂျယ်ဒေသခံတစ်ဦးက ပြောပါတယ်။

တရုတ်ဘက်က မြန်မာပြည်ထဲကို အဓိကကုန်စိမ်းနဲ့အခြေခံစားသောက်ကုန်တွေသာ တင်ပို့ခွင့်ပေးထားပြီး မြန်မာဘက်ကနေ တရုတ်ဘက်ကို တင်ပို့နေတာတွေကတော့ ပဲအမျိုးမျိုး၊ သံသတ္တုပစ္စည်းတွေအပါအဝင် သတ္တုတွေ၊ ရာသီအလိုက်တင်ပို့တဲ့ ငှက်ပျော၊ ဖရဲ၊ ကြံ စသဖြင့် အကန့်အသတ်မရှိ ပုံမှန်တင်ပို့နေတယ်လို့ သိရပါတယ်။ 

စက်ပစ္စည်းနဲ့ကုန်ပစ္စည်းအများစုကို ကချင်ပြည်ရှိ နယ်စပ်ဂိတ်တွေကနေ တင်သွင်းခွင့်မရှိပေမဲ့ မိတ္တူစက်တို့လိုမျိုး တခြားလိုအပ်တဲ့ စက်ပစ္စည်းအမျိုးမျိုးနဲ့ ကုန်တွေကိုတော့ မူဆယ်ဂိတ်နဲ့ ဝမ်တိန်ဂိတ်ကနေသာ တင်သွင်းခွင့်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ကန်ပိုက်တည်ဂိတ်ကလည်း တရုတ်ဘက်ကနေ ကုမ္ပဏီဝန်ထမ်းတွေလောက်သာ လူအဝင်အထွက်ခွင့်ပြုပြီး ကုန်ပစ္စည်းတွေကိုတော့ ကြက်ဥ၊ အာလူး၊ ဂျုံ၊ စားသုံးဆီ၊ ခေါက်ဆွဲထုတ်၊ မုန့်စတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ ပလပ်စတစ်၊ စက္ကူခွက်တွေကိုသာ တင်သွင်းဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။  

လက်ရှိ နယ်စပ်ကုန်သွယ်ရေးကတော့ ဒီထဲကနေ တရုတ်ဘက်ကိုတင်ပို့တာပဲ ပိုများပါတယ်။ တရုတ်ဘက်ကနေ ဝင်တာဆိုလို့ အခြေခံစားသောက်ကုန်တွေလောက်ပဲ ဝင်နေတယ်။ အခု ဒီက တရုတ်ကုမ္ပဏီကြီးတွေသုံးဖို့ ဆီနည်းနည်းပါးပါးဝင်တယ်။ ပြီးတော့ တံတားတည်ဆောက်ရေးမှာသုံးဖို့ ဘိလပ်မြေနည်းနည်းပါးပါးဝင်တယ်။ တိုက်ပွဲကာလဆိုတော့ အရင်လို ပုံမှန်မဖြစ်သေးပေမဲ့ ဟိုတုန်းကလိုတော့ အရမ်းမခက်ခဲကြတော့ဘူးလို့ မြင်ရပါတယ်လို့ ကန်ပိုက်တည် KIO အရှိတစ်ဦးက ပြောပါတယ်။

KIO/KIA ထိန်းချုပ်ရာ မိုင်ဂျာယန်၊ လွယ်ဂျယ်၊ လိုင်ဇာ၊ ကန်ပိုက်တည်စတဲ့ နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်လောက်ကစပြီး ပိတ်လိုက်ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ကစပြီး ဂိတ်တွေအားလုံးပြန်ဖွင့်လိုက်တာဖြစ်ပါတယ်။ 

နယ်စပ်ဂိတ်တွေဖွင့်ပြီး ပုံမှန်လည်ပတ်နေပြီဖြစ်ပေမဲ့ အမှန်တကယ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ သယ်ယူခွင့်ကို တရုတ်ဘက်က တားမြစ်ထားဆဲဖြစ်တာကြောင့် ဂိတ်ဖွင့်ထားပေမဲ့ အကျိုးခံစားမှု ထူးခြားပြောင်းလဲတာမျိုး တစ်စုံတစ်ရာမရှိဘူးလို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button