သတင်း

လမ်းခွကျေးရွာမှာ စစ်‌ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဖိအားပေးခံနေရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ လမ်းခွကျေးရွာ(Lambraw Yang Mare) မှာ ကြားကာလအုပ်ချုပ်ရေးစနစ်နဲ့သွားနေတဲ့ အုပ်ချုပ်ရေးယန္တရားကိုရုတ်သိမ်းပြီး စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ဖို့ ဖိအားပေးမှုတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကနေ ယနေ့ အချိန်အထိ ဒေသခံပြည်သူတွေ ကော်မတီဖွဲ့ပြီး ကြားကာလအုပ်ချုပ်ရေးစနစ်နဲ့သွား‌နေတာ ၄ နှစ်ကျော်ကြာလာချိန် အုပ်ချုပ်ရေးစနစ်အပြောင်းအလဲလုပ်ဖို့ အခြေအနေ ရှိလာတဲ့ဖြစ်စဉ်ကို လက်ရှိကြားကာလအုပ်ချုပ်ရေးစနစ်မှာ ပါဝင်တဲ့ တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

စစ်တပ်ရဲ့ လက်အောက်မှာ တာဝန်ဝမ်းဆောင်နေတဲ့ သူတွေက ဘာသာရေးအသင်းအဖွဲ့တွေကို ဖိအားပေးပြောဆိုလာတယ်။ တစ်ခါတစ်လေကျရင် ကျေးရွာတွေအထိ စစ်ရေးလှုပ်ရှားပြတာတွေ လုပ်တယ်။ အကြောင်းမဲ့ ပြည်သူသတ်ဖြတ်ခံရတာတွေလည်း ရှိလာတယ်။ ခြိမ်းခြောက်မှုတွေ ဖြစ်တဲ့ ဖြစ်စဉ်တွေ မကြာခဏဖြစ်လာတယ်။ အဲ့ဒါကြောင့် ပြည်သူတွေက မလုံခြုံတာတွေဖြစ်လာတော့ ပြည်သူလူထုကြားမှာတင် အသံအမျိုးမျိုးထွက်လာကြတယ်လို့ပြောပါတယ်။

စစ်ကောင်စီရဲ့ ဖိအားပေးခြင်းခံရတာကြောင့် ပြည်သူလူထုကြားမှတင် လက်ရှိသွားနေတဲ့ ကြားကာလအုပ်ချုပ်ရေးစနစ်နဲ့ ဆက်သွားချင်ကြတဲ့ ပြည်သူတွေရှိသလို တစ်ဖက်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးစနစ်အောက်မှာ သွားချင်တဲ့ပြည်သူတွေရှိိိိိိိနေတယ်လို့သိရပါတယ်။

ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးစနစ်မယူခင် ရွာလုံးကျွတ်အစည်းအဝေးပြုလုပ်ပြီးမှသာ အခြေအနေကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ ဆက်ဆိုပါတယ်။

ဖိအားတွေရှိတော့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးကို ပြန်ရယူဖို့ရန်အတွက် ပြင်ဆင်ရမှာပေါ့လေ။ အုပ်ချုပ်ရေးမယူခင် ဒေသခံပြည်သူတွေရဲ့ ရင်တွင်းခံစားချက်တွေကို အရင်နားထောင်ကြည့်ရမယ်။ အဲ့ကြောင့် အစည်းအဝေးတွေခေါ်ပြီးတော့ ဆက်လုပ်သွားဖို့ရှိပါတယ်။ အခုချိန်အထိတော့ သီးခြားညှိနှိုင်းဆွေးနွေးတာမျိုးတော့မရှိသေးဘူး။ အားလုံးက အလုပ်ရှုပ်နေကြသေးတော့ အမြန်ဆုံးတော့ တွေ့ဆုံညှိနှိုင်းသွားဖို့ရှိတယ်လို့ပြောပါတယ်။

လမ်းခွကျေးရွာမှာ အုပ်ချုပ်ရေးအပြောင်းအလဲနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုကို လက်ရှိ ကြားကာလအုပ်ချုပ်ရေးတာဝန်ကို ထမ်းနေတဲ့ကော်မတီကနေ ဦးဆောင်ပြီး လာမယ့် ဇူလိုင်လဆန်းပိုင်းကနေ ရပ်ကွက်အလိုက် ၊ သက်ဆိုင်ရာ အသင်းတော်အသီးသီးက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှု အရင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက် စစ်အာဏာရှင်စနစ်အမြစ်ဖျက်တော်လှန်ရေးအတွက် ကချင်ပြည်နယ်ထဲက မြို့နယ် ကျေးရွာတစ်ချို့မှာ အစိုးရနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးစနစ်တွေကို ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။

အဲဒီထဲမှာ နမ္မတီးမြို့ရှိ လမ်းခွကျေးရွာတစ်ခုအပါအဝင်ဖြစ်နေပြီး တော်လှန်ရေးကာလကြာမြင့်လာတာနဲ့အတူ ကြားကာလအဖြစ် ဖွဲ့စည်းထားတဲ့ အုပ်ချုပ်နေရးစနစ်တွေ ဆက်လက်လည်ပတ်ဖို့ ခက်ခဲလာတဲ့ အခြေအနေမှာ ကြုံတွေ့လာရတာဖြစ်ပါတယ်။

နမ္မတီးမြိို့မှာ လူဦးရေများပြီး လူနေထူထပ်တဲ့ ကျေးရွာ ၁၀ ခုကျော်ရှိတဲ့ထဲကနေ လမ်းခွကျေးရွာဟာ အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ ကျေးရွာတစ်ခုအပါအဝင်ဖြစ်သလို ကြားကာလအုပ်ချုပ်ရေးစနစ်နဲ့ သွားနေတဲ့ တစ်ခုတည်းသော ကျေးရွာလည်းဖြစ်ပါတယ်။

ကြားကာလအုပ်ချုပ်ရေးစနစ်နဲ့ သွားနေတဲ့ ၄ နှစ်ကျော်အတွင်းမှာ အရပ်သားပြည်သူတွေ အကြောင်းမဲ့ ပစ်သတ်ခံရတာတွေ၊ ဖမ်းဆီးရိုက်နက်ခံရပြီး တရားခံမပေါ်တဲ့ ဖြစ်စဉ်တွေ ပုံမှန်ဖြစ်ပွားလျက်ရှိနေပါတယ်။

နမ္မတီးမြို့ဟာ မရမ်းကျေးရွာနဲ့ မြို့ပတ်ပတ်လည်မှာ စစ်ကောင်စီတပ်ရဲ့ ဝိုင်းရံတပ်ချထားတဲ့ စစ်တပ်စခန်းများစွာရှိနေသလို စစ်ကောင်စီတပ် ထိန်းချုပ်မှု အားကောင်းနေဆဲဖြစ်တဲ့ မြို့တစ်ခုအပါအဝင်ဖြစ်နေပါတယ်။

ဒါကြောင့် လက်ရှိ လမ်းခွကျေးရွာရဲ့ အုပ်ချုပ်ရေးစနစ်ကိုလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးစနစ်ဖြင့် သွားဖို့ လမ်းခွဒေသခံအမျိုးသားတစ်ဦးက တောင်းဆိုလိုက်ပါတယ်။

အမှန်တိုင်းပြောရမယ်ဆိုရင် နမ္မတီးဒေသမှာက KIA တော်လှန်ရေးတပ်ဖွဲ့တွေ ထိထိရောက်ရောက် လုပ်ငန်းဝင်ထားတာတွေမရှိသေးဘူး။ ပြီးရင် ကျနော်တို့ဒေသမှာက အရမ်းကြီးနေလို့ ပျော်နေတဲ့ ဒေသလည်းဖြစ်မနေဘူး။ လက်ရှိ အချိန်ကြည့်မယ်ဆိုရင်လည်း အချိန်ကောင်းလည်းမဟုတ်သေးဘူးလို့မြင်ရတယ်။ စစ်ကောင်စီတပ် အားကောင်းနေသေးတဲ့ နေရာတွေဖြစ်တယ်။ နေရာတိုင်းလိုလိုမှာ စစ်တပ်ရဲ့ ထိန်းချုပ်နယ်မြေတွေ ဖြစ်နေသေးတယ်။ အဲ့ကြောင့် ကောင်သည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ဒီအခြေအနေမှာက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့သာ ဆက်သွားဖို့ အကောင်းဆုံးဖြစ်တယ်မြင်ရတယ်။ ဘာလို့လဲဆိုတော့ စစ်ကောင်စီတပ်တွေက ဝင်ချင်တဲ့အချိန်ဝင်လို့ရတယ် လာပစ်မယ်ဆိုရင်လည်း ကြိုက်တဲ့အချိန် ဝင်ပစ်လို့ရတယ် အဲ့လိုအခြေအနေလို့ပြောပါတယ်။

လက်ရှိ ကြားကာလအုပ်ချုပ်ရေးစနစ်နဲ့ တာဝန်ယူဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိသူတွေအနေနဲ့လည်း ပြည်သူလူထုရဲ့အသက်အန္တရာယ် လုံးခြုံဘေးကင်းနိုင်ဖို့ရန်အတွက် ဦးစားပေးဆောင်ရွက်ပေးသင့်တယ်လို့ တောင်းဆိုနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ထဲမှာ လမ်းခွကျေးရွာရဲ့ ကြားကာလအုပ်ချုပ်ရေးတာဝန် ထမ်းဆောင်နေတဲ့ ဆရာခွန်ဂျော်လီ နေအိမ်မှာ ပစ်သတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆရာခွန်ဂျော်လီ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်ဟာ ဒီကနေ့အထိ အမှုမှန်မပေါ်ပေါက်ဘဲ နစ်မြှုပ်နေသေးသလို ကြားကာလအုပ်ချုပ်ရေးစနစ်သွားနေတဲ့အပေါ်မှာ ပြည်သူလူထုအချင်းချင်းကြားမှာ အငြင်းပွားမှုတစ်ချို့လည်း ရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဒါကြောင့် ပြည်သူလူထုတစ်ချို့ဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအဖြစ် ပြောင်းလဲ အုပ်ချုပ်ပေးဖို့ သဘောတူညီမှုရှိသလို ပြည်သူတစ်ချို့က ကန့်ကွက်နေတဲ့သူတွေလည်းရှိနေကြတယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူ ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၆ လခန့်အကြာမှာလည်း ကချင်လူငယ်တစ်ဦးသေနတ်နဲ့ ပစ်ခတ်ခံရပြီး သေလို့နီးပါအထိ အသက်အန္တရာယ်ဖြစ်ပွားခဲ့တယ်လို့ လမ်းခွဒေသခံတစ်ဦးဆီကသိရပါတယ်။

၂၀၂၄ ခုနှစ်ထဲမှာပဲ ဆရာခွန်ဂျော်လီ ပစ်သတ်ခံရပြီးနောက် ဖော်ဒေါင်ကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာလည်း ပြည်သူတစ်ဦးသေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

ယခုလ ၁၄ ရက်နေ့မှာလည်း လမ်းခွကျေးရွာမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားပြန်လည်ပြောင်းလဲကျင့်သုံးဖို့နဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့မှလည်း လာရောက်အကြံပြုပြောဆိုသွားတယ်လို့လည်း သိရပါတယ်။

လမ်းခွကျေးရွာဟာ အိမ်ခြေ တစ်ထောင်ကျော်ခန့်နဲ့ နမ္မတီးမြို့ရဲ့ အချက်အချာကျတဲ့ မြစ်ကြီးနားကို သွားတဲ့ ကားလမ်းမကြီးပေါ်မှာ တည်ရှိနေတာဖြစ်ပြီး ကချင်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ကျေးရွာကြီးတစ်ခုဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button