မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရ

မြစ်ကြီးနားမြို့၊ ဂျပန်တံတားလမ်းမှာ အမျိုးသမီးတစ်ဦးဆွဲကြိုးလုယက်ခံရတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။
ဇွန်လ ၂၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင် ဂျပန်တံတားလမ်းရှိ မိဘမဲ့ကျောင်းအကျော်နားလေးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသား ၂ ဦးက လုယူသွားတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။
“ဆွဲကြိုးလုခံရတဲ့ မိန်းမ ကခဏတော့မေ့သွားတယ်တဲ့ ဆေးရုံံရောက်ပြီး နာရီဝက်လောက်ကြာမှ ပြန်သတိရလာတယ်လို့ပြောတယ်။ဆွဲကြိုးက ပါသွားပြီ”လို့ ပြောတယ်။
ဆွဲကြိုးလုယက်ခံရတဲ့အမျိုးသမီးက အသက် ၄၅ နှစ်ဝန်းကျင်ရှိ နန့်ကွေးကျေးရွာဒေသခံဖြစ်ပြီး မြစ်ကြီးနားဘက် ခဏလာချိန်လုယက်ခံရတာလို့ ပြောပါတယ်။
လုယက်မှုကျူးလွန်တဲ့ နှစ်ဦးက လူလတ်ပိုင်းဖြစ်တယ်လို့သိရပြီး ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ အထက်ဖော်ပြပါ အမျိုးသမီးက ဆက်ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်မှာလည်း ချီဖွေဒေသခံ အမျိုးသမီးတစ်ဦး မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ အသိဆွေမျိုးအိမ်အလည်ဆင်းလာချိန် ယုဇနရပ်ကွက် လမ်းကြားတစ်နေရာမှာ ဆွဲကြိုးလုယက်ခံလိုက်ရတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
မြစ်ကြီးနားမြို့မှာ ခုလိုခိုးဆိုးလုယက်မှုများလာတဲ့ တွက် အိမ်တွင်း၊အိမ်ပြင် မလုံခြုံမှု ပိုဆိုးရွားလာနေတယ်လို့ မြစ်ကြီးနားမြို့နေထိုင်တဲ့ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။
“ခုကျနော်တို့ မြစ်ကြီးနားမှာဘယ်လိုဖြစ်နေလဲဆို တော့ အိမ်ပြင်ထွက်တာနဲ့ လုခံရမလား နောက်ကန ရိုက်ခံရမလား စိုးရိမ်ရတယ်။ အိမ်ထဲလည်း နေ့ခင်းဝင်ခိုးတာလည်း ရှိတယ်။အခြေနေက တော်တော်ဆိုးနပါတယ်”လို့ ပြောလာပါတယ်။
KNG သတင်းဌာနရဲ့ စုစည်းထားချက်အရ မြစ်ကြီးနားမြို့တွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ခိုးဆိုးလုယက်ခံရတဲ့ဖြစ်စဉ် အကြိမ်ပေါင်း ၅၀ အထိရှိခဲ့ပါတယ်။
ဒီအချက်လက်က KNG စုစည်းထားတဲ့အချက်ဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်ပါတယ်။
အာဏာသိမ်းပြီးနောက် လောင်းကစားဝိုင်း၊KTV၊Bar သိသိသာသာများလာတဲ့ မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ သိသိသာသာများလာပေမယ့် ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှု အားနည်းနေတဲ့အတွက် ခိုးဆိုးလုယက်မှုကလည်း ပိုဆိုးလာတာဖြစ်တယ်လို့ မြို့ခံတွေပြောပါတယ်။
By –