သတင်း

မြစ်ကြီးနားမြို့မှာ ဆွဲကြိုးလုယက်ခံရမှုထပ်ဖြစ်ပွား

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်မှာ ညီအစ်မနှစ်ဦး ဆွဲကြိုးလုယက်ခံလိုက်ရတယ်လို့ လုယက်ခံရသူမိသားစုကပြောပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ ၃၀ ရက် ညနေ ၄ နာရီဝန်းကျင် ယုဇနရပ်ကွက်၊ရွှေလမ်းဆုံလမ်းမကြီး ပွင့်ပွင့်ဖိနပ်ဆိုင်အနီး ဆိုင်ကယ်စီးလာတဲ့အမျိုးသားနှစ်ဦးက ဆိုင်ကယ်စီးလာတဲ့ညီအစ်မနှစ်ဦးထံကနေ ဆွဲကြိုးလုဖြုတ်သွားတယ်လို့ ဆွဲကြိုးလုယက်ခံရသူက KNG ကိုပြောပါတယ်။

သူတို့ကအနောက်ကနေ လိုက်လာတာ လူနည်းနည်းပြတ်တဲ့နေရာလောက်မှာ နောက်မှာထိုင်တဲ့ကျမညီမကို အရင်လုတာ သူကခြေထောက်နဲ့ကန်လိုက်တော့ အရှေ့ကဆိုင်ကယ်မောင်းတဲ့ ကျမဘက်ကိုလာပြီး အနောက်မှာထိုင်တဲ့ ယောင်္ကျားလေးက လည်ပင်းကဆွဲကြိုးလုဖြုတ်သွားတာ။ ညီမတို့လည်းလိုက်တာ သူတို့က ဂျန်မိုင်ကောင်၊ကွက်သစ်လမ်းကြိုလမ်းကြားခေါ်သွားတာ တစ်လမ်းလုံးအော်ပြီးလိုက်တာ။လမ်းကြားကအထွက် ညီမတို့နှစ်ယောက် ဆိုင်ကယ်တိုက်တော့ သူတို့အဲမှာလွှတ်သွားတာလို့ပြောပါတယ်။

ဆွဲကြိုးလုယက်ခံရတဲ့ ညီအစ်မနှစ်ဦးလည်း ဆက်တိုက်လိုက်ခဲ့ပေမယ့် လမ်းကြားတစ်နေရာမှာ သူမတို့ဆိုင်ကယ်ကို ကားတစ်စီးနဲ့ဝင်တိုက်သွားတာကြောင့် ညီအစ်မနှစ်ဦး ဆက်မလိုက်နိုင်တော့ပဲ ဆွဲကြိုးလုတဲ့အမျိုးသားနှစ်ဦးကတော့ လွတ်မြောက်သွားတယ်လို့ သူကဆက်ပြောပါတယ်။

လမ်းကြားအထွက် ကားတစ်စီးနဲ့ကျမတို့ဆိုင်ကယ်တိုက်တော့ ဆက်မလိုက်နိုင်တော့ဘူး။ပြီးတော့ ကျမညီမဆို ခေါင်းမှာလည်း ဒဏ်ရာရတယ်။ အဲဓါးပြနှစ်ယောက်က ညီမတို့လိုက်တော့ နောက်မှာထိုင်တဲ့သူက လှည့်ပြီးကျောက်ခဲတွေနဲလှမ်းလှမ်းပေါက်တာ သူတို့လက်ထဲမှာ ဓါးလည်းပါတယ်။တစ်လမ်းလုံးအော်လည်း ဘယ်သူမှမကူကြဘူး။တစ်ယောက်ယောက်ကရှေ့က ကူပေးရင်မိမှာဟုတ်တယ်လို့ ဆွဲကြိုးလုခံရသူကပြောပါတယ်။

ဆွဲကြိုးလုခံရတဲ့ညီအစ်မနှစ်ဦးဟာ ဓါးပြနှစ်ဦးရဲ့ခဲနဲ့ပေါက်တဲ့ဒဏ်ရာအပြင် ကားနဲ့တိုက်တဲ့ဒဏ်ရာကြောင့် လက်၊ခြေထောက်၊ဒူးတွေမှာ ပွန်းပဲ့ဒဏ်ရာရရှိကာ ဆိုင်ကယ်လည်းစီးလို့မရအောင်ပျက်စီးသွားပြီလို့ပြောပါတယ်။

ဒါ့အပြင် ကာလတန်ဖိုး ကျပ် ၇၅ သိန်းခန့်ရှိတဲ့ ဆွဲကြိုးတစ်ကုံးလည်း လုယက်ခံလိုက်ရတာလည်းဖြစ်ပါတယ်။

ဆွဲကြိုးလုယက်ခံရတဲ့ ညီအစ်မနှစ်ဦးဟာ ကြက်ပေါင်ခြံရပ်ကွက်ကဖြစ်ပြီး မြို့ထဲကနေ အိမ်ပြန်လာချိန် ခုလိုလုယက်ခံရတာဖြစ်တယ်လို့လည်းသိရပါတယ်။

မြစ်ကြီးနားမြို့မှာ ဇွန်လ ၂၉ ရက်နေ့လည်း ဂျပန်တံတားလမ်းမှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလုယက်ခံရတဲ့ ဖြစ်စဉ်ရှိခဲ့သလို ဒီနေ့မှာလည်း ဆွဲကြိုးလုယက်ခံရတဲ့ဖြစ်စဉ်ဆက်တိုက်ဖြစ်နေတာပါ။

ဒါကြောင့် မြစ်ကြီးနားမြို့အတွင်း အမျိုးသမီးတွေအနေနဲ့ လက်ဝတ်ရတနာကို ဆင်မြန်းထားပါက လမ်းသွားလမ်းလာအထူးသတိထားဖို့လိုနေတယ်လို့ မြို့ခံတွေပြောပါတယ်။

KNG ရဲ့စုစည်းထားချက်အရ မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ခိုးဆိုးလုယက်မှုပေါင်း အကြိမ် ၅၀ ခန့်ထိရှိလာပြီဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button