သတင်း

ရာဒါကောင်သုသာန်မြေနေရာမှာ မိလ္လာကန်ထပ်မလုပ်ဖို့ ဒေသခံတွေတောင်းဆို

မြစ်ကြီးနားမြို့၊ ရာဒါကောင်ဘီရပ်ကွက်ရှိ အများပိုင်သုသာန်မြေနေရာမှာ မိလ္လာကန်ထပ်မလုပ်ဖို့ အနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့ပြည်သူတွေတောင်းဆိုနေပါတယ်။

မြစ်ကြီးနားမြို့ စည်ပင်သာယာရေးဌာကနေ ၂၀၂၁ ခုနှစ်ဝန်းကျင်ကစ ရာဒါကောင်သုသာန်ဝင်းထဲမှာ မိလ္လာကန်တူးပြီး တစ်မြို့လုံးရဲ့မိန်လာရေတွေလာသွန်နေတဲ့အတွက် အဲဒီမိလ္လာကန်ကထွက်တဲ့ အနံ့သက်ကြောင့် သုသာန်အနီးဝန်းကျင်ရှိဘုန်းကြီးကျောင်းမှ သံဃာတော်များ တစ်ခါတစ်ရံဆွမ်းစားလို့မရအောင် စိတ်အနှောက်ယှက်ဖြစ်ရတဲ့အပြင် အနီးဝန်းကျင်ပြည်သူတွေလည်း အနံ့သက်ကြောင့် နေထိုင်လို့မရအောင် စိတ်သောကရောက်နေရတယ်လို့ ရာဒါကောင်ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

ကျနော်တို့ ပတ်ဝန်ကျင်မှာ အနံ့သက်တွေနဲ့ စိတ်သောကရောက်နေရပါတယ်။ စည်ပင်သာယာကနေ မစင်တွေ လာသွန်ကျပါတယ်။ ရာဒါကောင်သုသာန်ဝင်းမှာ ပထမကန်ပြည့်နေလို့ နောက်ကန်တစ်ခုထပ်တူးနေပါတယ် နာရေးတွေပို့တဲ့အခါမှာလဲ မစင်အနံ့တွေကပုတ်စော်နံ့နေတာပဲ ပတ်ဝန်းကျင်မှာလဲ ဘုန်းကြီးကျောင်းတွေရှိပါတယ် ဆွမ်းစားလို့မရအောင် အရမ်းကိုနံပါတယ်။ ဘာသာရေးရဆိုလဲ အရမ်းအားနာမိတယ် ဆွမ်းစားချိန်တွေဆိုရင် အနံ့မခံနိုင်လို့ ဆွမ်းမစားကျတဲ့ ရက်တွေလဲ ရှိတယ်လို့ပြောတယ်လို့ပြောပါတယ်။

လက်ရှိ မိလ္လာကန်လုပ်ထားတဲ့ ရာဒါကောင်သုသာန်ဝင်းနေရာဟာ လူနေအိမ်၊ဘုန်းကြီးကျောင်းတွေနဲ့ပေ ၁၀၀ ခန့်အကွာမှာသာရှိပြီး နေ့စဉ် မိလ္လာကန်ကထွက်တဲ့ အနံ့သက်ကြောင့် အနီးပတ်ဝန်းကျင်ပြည်သူတွေအတွက် ရေရှည်မှာ ကျန်းမာရေးထိခိုက်တဲ့အထိ ဖြစ်လာနိုင်တဲ့အတွက် မိန်လာကန်ထပ်မလုပ်ဖို့ ပြောဆိုထားပေမယ့် ပထမကန်ပြည့်ပြီး ဒုတိယကန်ပါထပ်တူးနေတယ်လို့ သူမက ဆက်ပြောပါတယ်။

ပြောတယ် စည်ပင်ကို သူတို့ကအဟောင်းကန်ပြည့်ရင် လာမသွန်တော့ဘူးပြောပြီး ခု ဒုတိယကန်အသစ်ပြန်လာတူးပြီး သွန်နေပြီ။ တမြို့လုံးကနေမှာပေါ့ အိမ်တွေက မိန်လာကန်ပြည့်ရင် စည်ပင်ကားပဲခေါ်ခိုင်းနေရတာတော့ဟုတ်ပါတယ်။ တကယ်ဆိုရင် သူတို့ လူနေဝေးတဲ့နေရာသွန်ရမှာ အဝေးသွားလို့ရတယ် ဆီကို ချွေတာပြီး သုသာန်လာသွန်နေတာလို့ သုသာန်အနီးနေထိုင်တဲ့ အမျိုးသမီးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက် စည်ပင်သာယာရေးရုံးကို KNG က ဆက်သွယ်နေပေမယ့် ဖုန်း၊အင်တာနက်အခက်ခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

ရာဒါကောင်ဘီပြည်သူတွေကတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ သုသာန်မြေနေရာမှာ မိလ္လာကန်ထပ်မလုပ်ပေးဖို့ဆက်ပြီးတောင်းဆိုနေကြပါတယ်။

ကျနော့်အမြင်ပြောရမယ်ဆိုလည်း ဒီနေရာကလူနေအိမ်တွေနဲ့နီးတယ်။အနီးဆုံးဆိုရင်တော့ ဘုန်းကြီးကျောင်းပေါ့။ ကျနော်တို့က သုသာန်နဲ့မနီးပေမယ့် ဒါကလုံးဝမဖြစ်သင့်ဘူးလို့မြင်တယ်။ဖြစ်နိုင်ရင်တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးဖြေရှင်းပေးစေလိုပါတယ်လို့ ရာဒါကောင်ဘီမှာနေထိုင်တဲ့အမျိုးသားတစ်ဦးလည်း သူ့အမြင်ကိုပြောပါတယ်။

မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး လူဦးရေအသင့်သင့်ထူထပ်တဲ့မြို့ဖြစ်တဲ့အတွက် မြို့အင်္ဂါရပ်နဲ့ကိုက်ညီတဲ့ မိလ္လာသွန်တဲ့စနစ်ကို သေသေချာချာလုပ်ဆောင်ဖို့ လိုသလို သက်ဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့ ပြည်သူတွေရဲ့ကျန်းမာရေးကို ရှေးရှုပြီး စနစ်ကျတဲ့ မိလ္လာသွန်ဖို့နေရာတွေကိုလည်း သေချာကြပ်မတ်သင့်ကြောင်း ပြည်သူတွေက ထောက်ပြနေကြပါတယ်။

By – Zami

Show More

Related Articles

Back to top button