သတင်း

ဗန်းမော်အကျဉ်းထောင်ရှိ အကျဉ်းသား၊သူများ ကျန်းမာရေးဆိုးရွားသူများလာ

မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ အကျဉ်းထောင်ရှိ အကျဉ်းသား၊သူများ အစာအာဟာရ ပြတ်လပ်မှုကြောင့် ကျန်းမာရေးအခြေနေဆိုးရွားသူများလာနေတယ်လို့ တပ်မှ KIA ပူးပေါင်းတပ်ထံ ထွက်ပြေးလာသူတွေဆီကနေ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ပူးပေါင်းတပ်တို့ မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ ဗန်းမော်မြို့မှာ မြို့တွင်းနေရာတစ်ချို့နဲ့ ရှေ့ကာကင်းစခန်းအများပိုင်းသိမ်းယူထားနိုင်ပြီဖြစ်ပေမယ့် ဗန်းမော်အကျဉ်းထောင်အနီးရှိ စကခ (၂၁) တပ်စခန်းနေရာကိုတော့ တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

တိုက်ပွဲကာလကြာမြင့်လာတာနဲ့အမျှ စစ်တပ်ဘက်လည်းရိက္ခာပြတ်လပ်လာမှုနဲ့အတူ အကျဉ်းသား၊သူတွေ ပြောင်းဖူးဆံတစ်မျိုးတည်းကိုသာချက်ကျွေးနေရတယ်လို့ သိရပြီး  အစာအာဟာရပြတ်လပ်မှုကြုံတွေ့နေကြရတယ်လို့ တပ်မှထွက်ပြေးလာသူတွေရဲ့ထွက်ဆိုချက်အရ သိရပါတယ်။

အထဲမှာက ရိက္ခာပြတ်လပ်လာတော့ အကျဉ်းကလူတွေကိုလည်း ပြောင်းဖူးဆံကိုဒီတိုင်းတစ်မျိုးထဲပြုတ်ကျွေးရတာ။သူတို့လည်း အဲဒါကြီးပဲမစားနိုင်ဘူးဆိုတော့ ပြောင်းဆံကိုတစ်ခါပြန်ကြိတ်ခွဲပြီးတော့ ချက်ကျွေးရတယ်။ အဖက်ဖက်ကခက်လာတော့ ထောင်မှာက ကျန်းမာရေးထိခိုက်သူတွေများလာတယ်လို့ တပ်ကထွက်ပြေးလာသူတစ်ဦးက ပြောပါတယ်။

ဗန်းမော်အကျဉ်းထောင်မှာအကျဉ်းကျနေသူတွေဟာ တိုက်ပွဲတွေကြောင့် မိသားစုဝင်တွေဆီက ထောင်ဝင်စာမရတော့တဲ့အပြင်၊တရားဝင်မဟုတ်တဲ့နည်းလမ်းတွေနဲ့လည်း အဆက်သွယ်မရတော့ ()လခန့်ရှိလာပြီဖြစ်ပါတယ်။

ဇွန်လနောက်ဆုံးသိရှိရတဲ့အချက်လက်တွေအရ အာဟာရပြတ်လပ်မှု၊ကျန်းမာရေးစောင့်ရှောက်မှုတွေမရတဲ့အတွက် သေဆုံးသူလည်းရှိနေတယ်လို့ သိရပါတယ်။

အကျဉ်းထောင်ဆိုတော့ လူစုတဲ့နေရာလေ ရောဂါတစ်ခုခုဆိုကူးကြဖို့လွယ်တယ်။ တိုက်ပွဲဖြစ်တဲ့နောက်ပိုင်းဆို အစာကကောင်းကောင်းမစားရ၊ ရေချိုးရတာကအစခက်သွားတာ။ ယားနာဖြစ်တဲ့သူကဖြစ် သေတဲ့သူလည်း ရှိနေတယ်လို့ အထက်မှာဖော်ပြတဲ့ တပ်တွင်းထွက်ပြေးလာသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် အကျဉ်းထောင်သားတစ်ချို့ကို စစ်တပ်ဘက်က လက်နက်တပ်ဆင်ပေးထားတယ်လို့သတင်းတွေထွက်ပေါ်နေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ဗန်းမော်အကျဉ်းထောင်ရှိတဲ့ စကခ (၂၁)ဘက် စစ်ဆင်ရေးမှာပါဝင်နေတဲ့ KPDF တစ်ဦးက ခုလိုသုံးသပ်ပါတယ်။

လက်နက်တပ်ဆင်ထားတယ်ဆိုတာ ကျနော်တို့လည်းကြားမိပါတယ်။ ဒါပေမယ့် ဘယ်လိုအကျဉ်းသားတွေကိုတပ်ဆင်ပေးထားလဲဆိုတာတော့သေသေချာချာမသိရသေးဘူး။ တစ်ခါတစ်လေထောင်ကနေ အော်သံလည်းကြားတယ် KIA/PDF ဘာဖြစ်တယ် ညာဖြစ်တယ် အလိုမရှိတဲ့ပုံစံအော်နေတာကြားမိတာရှိတယ်။ဒါကိုကြည့်ခြင်းအားဖြင့် စကစက လက်နက်တပ်ဆင်ပေးထားပြီး စည်းရုံးသိမ်းသွင်းထားတာတွေရှိနိုင်ပါတယ်လို့ ပြောပါတယ်။

စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ ဇွန်လ ၂၆ ရက်နေ့ ဗန်းမော်အကျဉ်းထောင်မှ အချုပ်စခန်းတစ်ခု KIA ပူးပေါင်းတပ်ရဲ့လက်နက်ကြီးကျပေါက်ကွဲလို့ အကျဉ်းသား ၈ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထောင်တွင်းမှာ အကျဥ်းသားတွေ အချိန်မီဆေးကုသခွင့် မရတာကြောင့် အသက်မသေသင့်ဘဲ သေဆုံးခဲ့ရသူ ၆၃ ဦးရှိတယ်လို့ AAPP ရဲ့  ၂၀၂၄ ခုနှစ်အောက်တိုလထုတ်ပြန်ချက်အရ သိရပါတယ်။

By – Zami

Show More

Related Articles

Back to top button